Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတက္ကသိုလ်အတွက် ရုက္ခဗေဒဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များ လေ့လာ ဆည်းပူးနိုင်ရေး သစ်မျိုးစုံစိုက်ခင်း ထူထောင်ပေးနိုင်ခဲ့

ပဲခူးတက္ကသိုလ်အတွက် ရုက္ခဗေဒဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များ လေ့လာ ဆည်းပူးနိုင်ရေး သစ်မျိုးစုံစိုက်ခင်း ထူထောင်ပေးနိုင်ခဲ့

ပဲခူး ဇွန် ၁၂

=========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်ဧရိယာ အတွင်း သစ်မျိုးစုံစိုက်ခင်း စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတက္ကသိုလ်ဧရိယာအတွင်း သစ်မျိုးစုံစိုက်ခင်း (စံပြသစ်တောစိုက်ကွက်) (၄)ဧကတွင် ဒေသတွင်း ပေါက်ရောက်ဖြစ်ထွန်းနိုင်ပြီး စီးပွားရေးအရ အဖိုးတန် အသုံးဝင်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း အစရှိသည့် သစ်မျိုး(၁၃)မျိုး၊ အပင် ပေါင်း(၁၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခြင်းအားဖြင့် ရုက္ခဗေဒဘာသာရပ် သင်ကြားနေသည့် တက္ကသိုလ် ဆရာ/ဆရာမများ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား/သူများအတွက် အနီးကပ်ဆည်းပူးလေ့လာနိုင်စေရေး စိုက်ပျိုးပေးရခြင်းဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသား အကျိုးစီးပွားအပြင် နောင်အနာဂတ်အတွက် ကောင်းမွန်သောလူ့မှုဘဝ ပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဟေဂစနစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အဓိကဗဟိုချက်သည် သစ်တောသစ်ပင်များ စိုက်ပျိုးပေးခြင်း၊ ပြုစုပျိုးထောင် ပေးခြင်းဖြစ်ကြောင်း၊ သစ်တောဂေဟစနစ်မှ လူသားများအတွက် လိုအပ်သောအစားအစာနှင့် နေထိုင်မှုဘဝကို အထောက်အပံ့များပေးသည့်အပြင် သန့်ရှင်းသော လေ၊ ရေတို့နှင့် ရာသီဥတုကို မျှတကောင်းမွန်စေရန် ထိန်းညှိပေးပြီး ဇီဝမျိုးစုံမျိုးကွဲများ မှီတင်းနေထိုင်ရာ ဒေသရပ်ဝန်း တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် သစ်တောသစ်ပင်များ ပြုန်းတီးပါက လူအပါအဝင် သက်ရှိများပျက်စီးနိုင်သဖြင့် သစ်တော သစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ သစ်ပင်များစိုက်ပျိုးပေးခဲ့ကြပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးတက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၏ သစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ ၂၀၂၂ ခုနှစ်၊ မေလ၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ (၂၅)ပွဲ၊ သစ်ပင်ပေါင်း(၉၆၁၀)ပင် စိုက်ပျိုးပေးနိုင်ခဲ့ပြီး၊ ဇွန်လနှင့်ဇူလိုင်လအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၂၆)ပွဲနှင့် သစ်ပင်ပေါင်း (၁၅၈၄၀)ပင် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရှိရသည်။