Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၈

=========================

          ပဲခူးမြို့၊ ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ် သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသည့် အတိုင်း တိုင်းပြည်၏ အနာဂတ်အတွက် ပညာတတ်များ မွေးထုတ်ပေးရန် ဆရာ/ဆရာမများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တက္ကသိုလ်ပညာရေးစနစ်မှသည် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ဖော်ဆောင်ပေးနိုင်ရေးအတွက် မွမ်းမံ သင်တန်း တက်ရောက်သည့် ဆရာ/ဆရာမများအနေဖြင့် သင်ခန်းစာများကို ကြိုးကြိုးစားစား လေ့လာ မှတ်သားသင်ယူသွားကြရန်နှင့် အခက်အခဲများရှိပါက တင်ပြပေးရန် အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်မှ နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများအတွက် သဘက်စောင်အကြီး(၆၄)ထည်၊ ထောက်ပံ့ငွေကျပ်(၁၂၈၀၀၀ဝိ/-)နှင့် ပဲခူးတက္ကသိုလ်ရှိ ဆရာ/ဆရာမများအတွက် သီးခြားထောက်ပံ့ငွေ ကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသား ဆရာ/ဆရာမများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဘက်စုံ ကျန်းမာရေးဝန်ထမ်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး သင်တန်းသား(၁၇၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၅၂၀၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်အနီး ရန်ကုန်-မန္တလေးလမ်းနှင့် အနောက်ဘက်မြို့ရှောင်လမ်းဆုံရာ နေရာအား အပန်းဖြေပန်းခြံနှင့် ဘုရင့်နောင်ရုပ်ထု ထားရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေဧရိယာသတ်မှတ်ခြံစည်းရိုးခတ်ရန်နှင့် မြေပြင် ရှင်းလင်းမှုများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။