Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတက္ကသိုလ် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတက္ကသိုလ် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၆

===============

ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ မေလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတက္ကသိုလ် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်း အနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆရာ/ ဆရာမများသည် နောင်တစ်ချိန် တိုင်းပြည်ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာ စေဖို့ ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြရမည့်သူများဖြစ်ကြောင်း၊ ကျောင်းသား / သူများအပေါ် စေတနာ၊ ဝါသနာ၊ ကရုဏာ၊ နည်းနာ၊ စံနမူနာပြ ဆရာ/ ဆရာမများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမ များ အနေဖြင့် နိုင်ငံကို အကျိုးပြုနိုင်သည့် သုတေသနလုပ်ငန်းများကိုလည်း တစ်ဖက်က တစိုက်မတ်မတ် ရှာဖွေဖော်ထုတ် ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း(၈၄)ခု အထိ ရှိလာသည့်အတွက် အဆင့်မြင့်ပညာအနေဖြင့် ပညာရေးလွှမ်းခြုံမှုဟာ အားရစရာကောင်းတယ်လို့ ဆိုရမှာဖြစ်ကြောင်း၊ တက္ကသိုလ်/ ကောလိပ်များရှိ ဆရာ/ဆရာမများသည် မျိုးဆက်သစ်လူထု၏ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးမှု၊ ကျွမ်းကျင်မှုနှင့် သူတို့ရဲ့အနာဂတ်မျှော်မှန်းချက်များ၊ နိုင်ငံရဲ့မျှော်မှန်းချက် များကို ပြည့်မီအောင် အဓိကအခန်းကဏ္ဍက တာဝန်ယူနေသူများဖြစ်ကြောင်း၊ ဒါကြောင့် အတန်းပညာရှိမှ အသိပညာရမှာဖြစ်ပြီး အသိပညာရှိမှသာ အတတ်ပညာ ရမှာဖြစ်သောကြောင့် ကျောင်းသား/သူများ အတွေးအခေါ် မြင့်မားပြီး မိမိခြေလှမ်းပေါ် မိမိရပ်တည်နိုင်ဖို့အတွက် အနာဂတ်လူငယ် များဖြစ်လာအောင် ဆရာ/ဆရာမများက ပြုစုပျိုးထောင်ပေးကြရန်နှင့် ဆရာ/ဆရာမများ အနေဖြင့် နိုင်ငံဝန်ထမ်းများပီပီ နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆရာ/ဆရာမများ အဆင့်မြင့်ပညာ မွန်းမံသင်တန်းအမှတ်စဉ်(၂၅)၊ အောက်မြန်မာပြည်(ဖောင်ကြီး)သို့ သင်တန်းတက်ရောက်မည့် ဆရာ/ ဆရာမ(၁၂)ဦးအတွက် တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းစီဖြင့် စုစုပေါင်း ကျပ်(၁၂)သိန်းအား ထောက်ပံ့ပေး အပ်ခဲ့သည်။

ယင်းနောက် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သရုပ်ပြဆရာမ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ အသစ်များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမအသစ်များ တက်ရောက်ကြ ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် အနောက်မြို့ရှောင်လမ်းထောင့်ရှိ အပန်းဖြေဥယျာဉ်အတွင်း ကြမ်းခင်းကြွေပြားခင်းနေမှု၊ ရေနုတ်မြောင်း များ ပြုလုပ်နေမှုနှင့် အလှပန်းခုံများပြုလုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။