Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူး ဇန်နဝါရီ ၂၇

=============

          ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ များ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ကြပြီး အမျိုးသားပွဲစဉ်အဖြစ် သမိုင်းအထူးပြုဘာသာရပ်အသင်းနှင့် ဘူမိဗေဒအထူးပြုဘာသာရပ်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဥပဒေချုပ်က ဒိုင်လူကြီး များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် ပထမ၊ ဒုတိယဆုရရှိခဲ့ကြသည့် အားကစားသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံ သင်တန်းသား များအတွက် ဝတ်စုံစရိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကာ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။

          ဆက်လက်၍ မွန်းလွဲပိုင်း၌ တို်ငးဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လျက်ရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အထင်ကရနေရာများ၊ စွဲဆောင်မှုရှိသည့် ရှုခင်းလှပမှုများအပေါ် ခရီးစဉ်သစ်များ ထပ်မံဖော်ထုတ်သွားရမှာဖြစ်ကြောင်း၊ ပြည်တွင်း ခရီးသွားများအတွက်သာမက ပြည်ပခရီးသွားများအတွက်လည်း နေထိုင်စားသောက်နိုင်ရန် ဟိုတယ်များ၊ စားသောက်ဆိုင်များ ဘက်စုံအဆင့် မြှင့်တင်ရန် လိုအပ်ကြောင်း၊ အများသုံး ဈေးများ၊ Public Toilet နှင့် ဒေသထွက်ကုန်ရောင်းချသည့် နေရာများ ကောင်းမွန်သပ်ရပ်ရန်လိုအပ်ကြောင်း၊ ဧရာတီမြစ်ကို အခြေပြုပြီး အပျော်စီးသင်္ဘောဖြင့် “အကောက်တောင်”နှင့် “ဧရာတီမြစ်ကျဉ်း” နေရာများသို့ ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကာ ယခုအခါ ဧရာတီမြစ်ကမ်း၌ ဆိပ်ခံတံတား(Jetty) တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုမြန်ဆန်ဖွံ့ဖြိုးတိုးတက်စေရေး ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးက (၄/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဟိုတယ်လုပ်ငန်း သက်တမ်းတိုးခြင်း၊ ဟိုတယ်အခန်းတိုးချဲ့ခြင်း၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် သက်တမ်းတိုးခြင်းများအား သက်ဆိုင်ရာအမှုတွဲအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် စီးပွားရေးဝန်ကြီး ဦးတင်ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များက တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး ဝိုင်းဝန်းအကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း/ပြည်ပခရီးသွား စုစုပေါင်း(၁၅၁၅၅၇)ဦး ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း/ပြည်ပ ခရီးသွားစုစုပေါင်း(၃၇၈၁၁၀)ဦး ဝင်ရောက်လာခဲ့သဖြင့် ယခင်နှစ်ထက် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် (၂၂၆၅၅၃)ဦး ပိုမိုလာရောက်လည်ပတ်ခဲ့ကြောင်း သတင်းရရှိသည်။