Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတက္ကသိုလ် ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူးတက္ကသိုလ် ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၃၀

===================

          ပဲခူးတက္ကသိုလ် ဘောလုံးကွင်း၌ ဇွန်လ(၂၉)ရက်နေ့၊ ညနေပိုင်းက ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတက္ကသိုလ် ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် သင်ကြားလျက် ရှိသော သတ္တဗေဒအထူးပြုဘာသာရပ်အသင်းနှင့် ရူပဗေဒ အထူးပြုဘာသာရပ် အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင် များက ကြည့်ရှုအားပေးခဲ့ကြရာ  ရူပဗေဒအထူးဘာသာရပ်အသင်းက (၁)ဂိုး၊(၀)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

          ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးဂိုးသမား ဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုတို့အား အစိုးရအဖွဲ့ တာဝန်ရှိသူများက လည်းကောင်း၊ ဒုတိယဆုရရှိသွားသော သတ္တဗေဒအထူးပြုဘာသာရပ်အသင်းအား  တစ်ဦးချင်းဆု တံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်(၇)သိန်းအား စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကလည်းကောင်း၊ ပထမဆုရရှိသော ရူပဗေဒအထူးပြုဘာသာရပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်  ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်များတွက် ဂုဏ်ပြုလက်ဆောင်များကို ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

       ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပထမဆု ရရှိသော ရူပဗေဒအထူးပြုဘာသာရပ်အသင်းအား ငွေသားဆုကျပ်(၁၀) သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့အား ချီးမြှင့်ပေးခဲ့သည်။

          ပဲခူးတက္ကသိုလ် ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အုပ်စု(က) တွင် သတ္တဗေဒအထူးပြုဘာသာရပ်အသင်းနှင့် ဓါတုဗေဒအထူးပြုဘာသာရပ်အသင်း၊ အုပ်စု(ခ)တွင် မြန်မာစာအထူးပြု ဘာသာရပ်အသင်းနှင့် သင်္ချာအထူးပြုဘာသာရပ်အသင်း၊ အုပ်စု(ဂ)တွင် ရုက္ခဗေဒ အထူးပြုဘာသာရပ်အသင်းနှင့် ရူပဗေဒအထူးပြု ဘာသာရပ်အသင်း၊ အုပ်စု(ဃ)တွင် ဘူမိဗေဒအထူးပြု ဘာသာရပ်အသင်းနှင့် သမိုင်းအထူးပြုဘာသာရပ်အသင်း စုစုပေါင်းအသင်း (၈)သင်းအား အုပ်စုပတ်လည် စနစ်ဖြင့် ဇွန်လ(၂၃)ရက်နေ့မှ ဇွန်လ(၂၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။