Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒသကြီးဝန်ကြီးချုပ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆု ချီးမြှင့်ခြင်းအခမ်းအနားများ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒသကြီးဝန်ကြီးချုပ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆု ချီးမြှင့်ခြင်းအခမ်းအနားများ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၉

=============

      ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုချီးမြှင့်ခြင်း အခမ်းအနားများသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မူဝါဒများ၊ ရည်မှန်းချက်၊ မဟာ ဗျူဟာများ ရေးဆွဲချမှတ်၍ ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်များအကို မြန်ဆန် သွက်လက် စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်း​ဒေသကြီးအတွင်း ပြည်သူလူထု၏ လူမှု စီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ဒေသန္တရစီမံကိန်းဥပဒေကို ရေးဆွဲဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း/တံတားများ၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများအပြင် ကျေးရွာ၏စုပေါင်းအားဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများအား တိုင်းဒေသကြီးရန်ပုံငွေဖြင့် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အလေအလွင့်မရှိစေရေး၊ သတ်မှတ် စံချိန်စံညွှန်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရေး၊ အဂတိကင်းရှင်းရေးတို့အတွက် အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် အားနည်း ချက်၊ အားသာချက်တွေကို ပြုပြင်လိုက်နာဆောင်ရွက်ပြီး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ များက သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန်အမှာ စကား ပြောကြားခဲ့သည်။

      ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းရန်ပုံငွေ၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေ၊ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်းရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း စံပြပထမဆုရရှိသည့် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ တမာကုန်းကျေးရွာအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်မှ မြစိမ်းရောင်စံပြကျေးရွာ ဒုတိယဆုရရှိသည့် ကြို့ပင်ကောက်မြို့နယ်၊ ချောင်းနားကျေးရွာ၊ ညောင်လေးပင်မြို့နယ်၊ ရေဆုံးကျေးရွာနှင့် တောင်ငူမြို့နယ် ကုက္ကိုလ်ပင်စုရွာအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ကြွေးကျန်ကောက်ခံနိုင်မှုဆု ရရှိသည့် အုတ်ဖိုမြို့နယ်နှင့် မင်းလှမြို့နယ်တို့အား  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြသထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ကျေးရွာထုတ်ကုန်များအား လှည့်လည်ကြည့်ရှု့ခဲ့ပြီး မြစိမ်းရောင်ကျေးရွာ ကျေးလက်ထုတ်ကုန်များအား  MSMEs အေဂျင်စီများနှင့်ချိတ်ဆက်၍ ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်ပေးခြင်း၊ နည်းပညာပေးခြင်း၊ FDA ထောက်ခံချက်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ခိုင်မာသည့် ဈေးကွက်ရှာဖွေပေးနိုင်ရေး ကျေးလက်ထုတ်ကုန်ပြပွဲ/ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ် ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။