Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သာယာဝတီခရိုင် ပြည်သူ့ ဆေးရုံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သာယာဝတီခရိုင် ပြည်သူ့ ဆေးရုံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး ဧပြီ ၃၀

==================

          ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၃၀) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ခဲ့ရာ၊ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာသူရက ဆေးရုံဆိုင်ရာ အချက်အလက် များ၊ ဆေးကုသမှု လုပ်ငန်းစဉ်များနှင့် ဆေးရုံအတွက် လိုအပ်ချက်များအား တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဆေးရုံဝန်းအတွင်း လိုအပ် လျက်ရှိသော ကွန်ကရစ်လမ်းလိုအပ်ချက်နှင့် အမှိုက်မီးရှို့စက်တည်ဆောက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား ဆန်၊ ဆီများ ထောက်ပံ့သည့်အပြင် ဆေးရုံအတွင်း တက်ရောက်ကုသနေ သည့် လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ သည် သာယာဝတီမြို့နယ်ခန်းမသို့ သွားရောက်ခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ရာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန်သိသိဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များအား အရှိန်အဟုန်မပြတ် ဆက်လက်တာဝန်ထမ်းဆောင်ရန်၊ ကျေးလက် မြို့ပြ ဆင်းရဲချမ်းသာ ကွာဟမှုများ လျော့နည်းစေရေး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး အဓိကထား ဆောင်ရွက် ပေးရန်၊ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး ချောင်းရေ၊ မြစ်ရေရရှိနိုင်သည့် နေရာများအား ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်၍ တဆက်တစ်စပ်တည်း စိုက်ပျိုးနိုင်မည့် နေရာများရှာဖွေထားရန်၊ ပန်းခင်းစီမံချက်အရ နိုင်ငံသားကဒ်မရရှိသေးသူ များအား နိုင်ငံသားကဒ်ရရှိ‌ရေး ဆောင်ရွက်ပေးမည်ဖြစ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့်အတူ မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့်များမှ ပူးပေါင်းဆောင်ရွက် ပေးရန်၊ COVID-19 ထိန်းချုပ်၊ ကုသနိုင်ရေးလုပ်ငန်းစဉ် များဆောင်ရွက်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်နှင့် တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ရာတွင် ဌာနဆိုင်ရာများမှ အားပေးကူညီဆောင်ရွက် သွားရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ သည် သာယာဝတီမြို့နယ်ရှိ စံရွေး-ဖိုးခေါင်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။