Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့် ရေးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ကြီးစုတာအား တာပုံစံကျပြုပြင်ခြင်းနှင့် ၁၆ ပေအကျယ် ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်းတာတို့အား တာပုံစံကျပြုပြင် ခြင်း၊ မူလမ်းရှိ ဂဝံများ ပြန်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ရေဘေး ကာကွယ်ရေးတာ တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောက်ကြီးစုတာ၊ကြခတ်ဝိုင်းတာနှင့်ညောင်ဝိုင်းတာတို့ သည် စည်ပင်သာယာနယ်နိမိတ် ရပ်ကွက်များအတွင်း တည်ဆောက်ထားခြင်းဖြစ်ကာ လမ်းအဖြစ်လည်း အသုံးပြုလျက်ရှိ၍ တာနှင့်ရပ်ကွက်အတွင်းလမ်း လွယ်ကူစွာသွားလာနိုင်ရေး ချဉ်းကပ်လမ်းများ ဆောင်ရွက် ပေးရန်၊ တာဘောင်တစ်လျှောက် မြေသားလျောကျမှုမဖြစ်စေရေးနှင့် ရေဦးထိုးနိုင်သည့် နေရာများကို ကမ်းထိန်း နံရံများကြိုတင်ပြင်ဆင်ထားရှိရန်နှင့် တည်ဆောက်ပြီးရေဘေးကာကွယ်ရေးတာများ ကြံ့ခိုင်မှုနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          အဆိုပါ ကျောက်ကြီးစုတာအား (၁၆)ပေအကျယ် ကွန်ကရစ်ခင်းခြင်း၊ ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်း တာတို့အား (၁၆)ပေအကျယ် ဂဝံခင်းခြင်းလုပ်ငန်းတို့အား ယခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ်တာ(ပန်းလှိုင်-ပုဏ္ဏားစု-မုန်တိုင်) အပိုင်း အလျား(၇၈၀၀)ပေအား High Flood Level (H.F.L) (၁၀၃၀) စင်တီမီတာအထိ မြေဖို့တာမြှင့်ခြင်းနှင့် (၁၆)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ မြေထိန်းနံရံတည်ဆောက်ထား ရှိမှုနှင့် အောက်စီတီးကျေးရွာအထိ မြေသားတာဘောင်ပြုလုပ်ခြင်း၊ ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေးတာများဖြစ်၍ တာဘောင်ဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး၊ တာဘောင်များတွင် မြေထိန်းအပင်များဖြစ်သည့် ကိုင်းပင်များ၊ ဗာတီပါမြက် များ စိုက်ပျိုးသွားရန်နှင့် ဒေသခံပြည်သူများကလည်း တာဘောင်ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး အသိပညာပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။