Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးကို ဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၄/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးကို ဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၄/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၇

=======================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ (၂၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကို ဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၄/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် မဖြစ်မနေ အိမ်ပြင်ထွက်သူတိုင်း လိုက်နာရမည့် ညွှန်ကြားချက်များကို ရပ်ကွက်/ကျေးရွာ အတွင်းရှိ အများပြည်သူများ သိရှိစေရန် လိုအပ်ကြောင်း၊ အသိတူမှ အလုပ်တူမည်ဖြစ်၍ လူတစ်ဦးချင်း စည်းကမ်းလိုက်နာမှသာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကို  ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလ တို့တွင် မိုးများသည့်အစဉ်အလာရှိသဖြင့် Facility Quarantine ဖွင့်လှစ်ထားသည့်နေရာများ ရေဝင်ရောက်မှုမရှိစေရေးနှင့် လိုအပ်ပါက အခြားနေရာများ ထပ်မံရှာဖွေထားရန် လိုအပ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်း ဆေးရုံများ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး လျှပ်စစ်မီးလိုင်းများ ကြိုတင် စစ်ဆေး ဆောင်ရွက်ထားရန်နှင့် လျှပ်စစ်မီးပြတ်တောက်မှုရှိခဲ့ပါက အောက်စီးဂျင် ထုတ်လုပ်ဖြန့်ဖြူး ခြင်း ရပ်တန့်မှုမရှိစေရေး Generator များ အဆင်သင့်မောင်းနှင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လိုအပ် ကြောင်း၊ ဆေးဆိုင်များတွင် ပုံမှန်ဈေးနှုန်းအတိုင်း စနစ်တကျ ဖွင့်လှစ်ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် မလိုလားအပ်ဘဲ ဆေးဆိုင်ပိတ်၍ ဆေးသိုလှောင်ထားမှုကိုလည်း စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်များ မသမာသောနည်းဖြင့် ဈေးတင် ရောင်းချမှုကို စိစစ်ဖော်ထုတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးရုံသို့ မရောက်ရှိဘဲ ရပ်ကွက်/ ကျေးရွာများ၌ သေဆုံးလူနာများကို ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရောဂါပိုးကူးစက်မှုမရှိ စေရေး လုံခြုံစိတ်ချစွာ သင်္ဂြိုလ်ရန် ပရဟိတအသင်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ အသိပေးထားရန် လိုအပ်ကြောင်း၊ Connect Person များ ဆက်စပ်ဖော်ထုတ်ကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အတွက် ကုသရေးလုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်အတွက် မိမိတို့ မြို့နယ်အတွင်းရှိ အငြိမ်းစား ဆရာဝန်များ၊ အငြိမ်းစား ကျန်းမာရေးဝန်ထမ်းများ၊ ပြင်ပဆရာဝန်များအား စည်းရုံး၍ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ ဖြတ်သန်းရာ လမ်းဆုံ ဖြစ်နေ၍ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ သယ်ဆောင်သည့်ယာဉ်၊ အောင်စီဂျင်အိုးများ သယ်ဆောင်သည့်ယာဉ်များနှင့် စားသောက်ကုန်တင်ယာဉ်များ ကြန့်ကြာမှု မရှိစေရေး ဆောင်ရွက် ပေးရန်၊ Facility Quarantine ဖွင့်လှစ်ထားသည့်နေရာများတွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ နားနေရန်နေရာများထားရှိရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် စဉ်ဆက်မပြတ် ချိတ်ဆက်၍ လိုအပ်ချက်များ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်နှင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအား သီးခြား ဂုဏ်ပြုခြင်းများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုမှ မြို့နယ် များတွင် လိုအပ်လျက်ရှိသော အောက်စီဂျင်များအား တပ်မတော်အောက်စီဂျင်ထုတ် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အခြေအနေနှင့် ဆက်လက် ထိန်းချုပ် ကာကွယ်ရမည့် အခြေအနေများကိုလည်းကောင်း၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နေသည့် အခြေ အနေများနှင့် သီးခြားလိုအပ်ချက်များကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် စာရင်းဇယားများပြုစုရာတွင် တာဝန်ယူမှု တာဝန်ခံမှုဖြင့် တိကျမြန်ဆန်စွာ စနစ်တကျ ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်နေရာအား (၆)ပေခြား သတ်မှတ်နေရာတွင် စနစ်တကျထိုးနှံနိုင်ရေး ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး သွားလာကန့်သတ်မှုများ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားရန် အကြံပြု ဆွေးနွေးခဲ့ကြသည်။

          ဆေးရုံလာပြသည့် လူနာများ အခက်အခဲမရှိစေရး ဌာနဆိုင်ရာများနှင့် ဖွဲ့စည်းကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ လူနာများ ဆေးရုံအတွက် စိတ်ပူပန်မှုမရှိအောင် ကူညီဆောင်ရွက်ပေးရန်၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အပေါ် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး သက်ဆိုင်ရာပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ Oxygen Plant နှင့် ကာကွယ်ဆေး ထိုးနှံမည့်နေရာများ လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရ သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ(၂၆)ရက်နေ့အထိ ပိုးတွေ့လူနာ(၂၄၄၅၀)ဦး၊ ဆေးရုံ ဆင်းလူနာ(၁၂၆၉၄)ဦး၊ ဆေးရုံနှင့်ကုသရေးစင်တာများတွင် ကျန်ရှိသူ(၁၀၆၆၈)ဦး၊ လွှဲပြောင်း/ လက်ခံကုသပေးသူ(၁၅၁)ဦးနှင့် သေဆုံးလူနာ (၉၃၇)ဦးရှိကြောင်း သတင်းရရှိသည်။