Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၆

=======================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး တရားမျှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုပင်ဖြစ်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် ရိုးသားကြိုးစားစွာ ပြိုင်ပွဲဝင်ခဲ့ကြပြီး ထိုက်တန်သော ဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ကာ နိုင်ငံတကာအလယ်မှာ နိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်းကိုလွင့်ပျံအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများအတွက် မိမိတို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နိုင်ငံဂုဏ်နှင့် ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် အားကစားသမားများအနေဖြင့် ရှေ့လာမည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမို အောင်မြင်မှုရရှိရေး အတွက် ကြိုတင်အားထုတ် ကြိုးပမ်းကြစေလိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း အားကစားကဏ္ဍ ပိုမိုအောင်မြင်စေရေး ကူညီပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တို်ငးဒေသကြီး တရားလွှတ်တော် တရားသူ ကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ် ခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ် ဆုရရှိခဲ့သည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှအဆင့် လက်ရည်စစ် လူငယ်တင်းနစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည့် အားကစားသမားများနှင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် နိုင်ငံဂုဏ်ဆောင် အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးစကား ပြန်လည် ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရ သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းမှ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားသမား(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အားကစား နည်းအလိုက် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၆)ခု၊ ကြေးတံဆိပ်(၁၁)ခုနှင့် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှအဆင့် လက်ရည်စစ် လူငယ်တင်းနစ်ပြိုင်ပွဲတွင် မာဃတင်းနစ်အကယ်ဒမီ(ပဲခူးမြို့)မှ အားကစား(၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အသင်းလိုက် ကြေးတံဆိပ်(၁)ခု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အသင်းလိုက် ကြေးတံဆိပ်(၁)ခု၊ ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ကြက်တောင် ပြိုင်ပွဲတွင် အသင်းလိုက် ကြေးတံဆိပ်(၁)ခုနှင့် အမျိုးသမီး(၂)တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု ရယူပေးနိုင်ခဲ့သည့်အတွက် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။