Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၄

==================

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်အား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ အောင် ဆောင်ရွက်နေလျက်ရှိရာ နိုင်ငံအတွက် အကျိုးရှိမည့် လုပ်ငန်းများအား ရပ်တန့်နေ ခြင်းမျိုးမရှိစေဘဲ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း၊ ဌာနများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသားပြည်သူလူထု အားလုံး၏ အကျိုးစီးပွား သာယာဝပြောစေရေးနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး တို့အတွက် ဌာနအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ အကောင်းဆုံးနည်းလမ်းများကို ရွေးချယ်ပြီး စေတနာထား ဆောင်ရွက်ရန်လိုကြောင်း ဌာနအတွင်းရှိ နိုင်ငံဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားရှိ ပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေနှင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးစေရန်နှင့် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် နေထိုင်၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြနှင့် ကျေးလက်ဒေသ ဆင်းရဲချမ်းသာ ကွာဟမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံဝန်ထမ်းများအား နိုင်ငံရေးသမားတို့၏ Social Media ပေါ်မှ ကောလာဟလသတင်းများ၊ သွေးထိုးလှုံ့ဆော်ခြိမ်းခြောက်မှုများအား မယုံကြည်ကြစေရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံဝန်ထမ်း များအား ခြိမ်းခြောက်မှုများပြုလုပ် လာပါကလည်း တိုင်ကြားနိုင်ရန် တယ်လီဖုန်းနံပါတ်နှင့် Email လိပ်စာများ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းအသိပေးထားပြီးဖြစ်ကြောင်းနှင့် ခြိမ်းခြောက်မှု များကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။