Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၀

==================

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအား Online Meeting စနစ်ဖြင့်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အရေးပေါ်ကာလ(၁)နှစ်အတွင်း ဆောင်ရွက်မည့် Road Map (၅)ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ COVID-19ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးတွင် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေစဉ်ကာလ အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းများ အမြန်ပြီးပြတ်စေရေး ဆောင်ရွက်သွားရန်၊ မြို့နယ်အလိုက် ပိတ်သိမ်းခဲ့သည့် Facility Quarantineစခန်းများ၏ စာရင်းဇယားများ စနစ်တကျ ပြုစုထားရှိရန်၊ မိမိတို့မြို့နယ်အတွင်း ရာဇဝတ်မှုမဖြစ်စေရေး လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန် တင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက မြို့နယ် အလိုက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ ဒေသအလိုက် ဆေးရုံ၊ဆေးခန်း ဖွင့်လှစ်မှုအခြေအနေ များ၊ ဘဏ်များဖွင့်လှစ်ထားရှိမှု၊ နေ့ညမပြတ် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်နေမှု အခြေအနေများ တင်ပြ ဆွေးနွေးခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။