Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၄

==================

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ထပ်မံလေဆိပ်ဧရိယာတိုးချဲ့ရန် အခက်အခဲများရှိနေ သဖြင့် ရန်ကုန်မြို့နှင့် အနီးကပ်ဆုံးရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်ထွက်ပေါက် ဧရိယာအတွင်း ရှိသည့် ပဲခူးမြို့တွင် ၁၉၉၄ ခုနှစ်၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် စီမံကိန်းစတင်ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အဆင့်မှ လေဆိပ်ဖြစ်မြောက်နိုင်ရေး ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်စေရန် ကျူးကျော်စာရင်းကောက်ယူခြင်း၊ လျော်ကြေးငွ ပေးချေခြင်း၊ လေဆိပ်ပတ်လမ်း ပေ(၁၀၀)အကျယ် ဖော်ထုတ်ခြင်းနှင့် မြေယာပိုင်ဆိုင်မှု ရရှိနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်အလိုက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လျော်ကြေးငွေ ပေးချေနိုင်ရေး ဘဏ္ဍာငွေလျာထားလျက်ရှိသည်ကို သိရှိရ၍ သက်ဆိုင်ရာကော်မတီများမှ မြန်မြန်ဆန်ဆန် လျော်ကြေးငွေ ပေးချေနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပဲခူးမြို့အတွက်သာမက နိုင်ငံအတွက်လည်း အလွန်အကျိုးဖြစ်ထွန်းစေမည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြေယာစာရင်းကောက်ယူရေးဆပ်ကော်မတီ၊ သီးပင်၊ စားပင်၊ နှစ်ရှည်ပင်နှင့် ရာသီသီးနှံပင်များ စာရင်းကောက်ယူရေးဆပ်ကော်မတီ၊ ကျူးကျော်အဆောက်အဦစာရင်း ကောက်ယူရေး ဆပ်ကော်မတီနှင့် တန်ဖိုးတွက်ချက်ရေးဆပ်ကော်မတီတို့၏ တာဝန်ရှိသူများမှ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လေကြောင်းဦးစီးဌာနပိုင်မြေ အဖြစ် ပိုင်ဆိုင်မှုရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး တင်ပြဆွေးနွေးခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။