Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

ပဲခူး ဧပြီ  ၈

================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၈)ရက်နေ့၊ နံနက်(၁၁:၄၅)အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၃၅)မိုင်(၅)ဖာလုံ အနီး ဘယ်ဂျီယံနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်သည့်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ Bel Ga Myanmar Co., Ltd ၏ Farm(2) တည်ဆောက်ရေး ရှင်းလင်းဆောင်၌ မန်နေဂျင်းဒါရိုက်တာ Mr. Ben Cliteur က Farm(1) စက်ရုံလည်ပတ်နေမှုအခြေအနေ၊  Farm(2) စက်ရုံတည်ဆောက်နေမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ လျှပ်စစ်မီးရရှိရေးနှင့် ကုန်ထုတ်လမ်း လိုအပ်ချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှုအပေါ် ကြိုဆိုအားပေးပါကြောင်း၊ မွေးမြူရေး လုပ်ငန်းဖြစ်၍ ဇီဝလုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်း၊ ရေရှည်စက်ရုံ လည်ပတ်နိုင်ရေး လိုအပ်သည့် လျှပ်စစ်မီး၊ ကုန်ထုတ်လမ်းများအပေါ် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံတည်ဆောက်နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

          Bel Ga Myanmar Co., Ltd သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (၃၁)မိုင်အနီး Farm(1) တွင် ကြက်ကောင်ရေ(၁၅၀၀၀၀)ဖြင့် တစ်ရက်လျှင် မျိုးကြက်ဥ (၁)သိန်းခန့် ထုတ်လုပ်လျက်ရှိရာ ထပ်မံ၍ (၃၅)မိုင် (၅)ဖာလုံတွင် Farm(2) အဖြစ် စက်ရုံထပ်မံတိုးချဲ့ ဆောက်လုပ်ခြင်းဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၉)သန်းခန့်ဖြစ်ကြောင်း သတင်းရရှိသည်။