Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  သာယာဝတီခရိုင်အတွင်းရှိ နွေစပါးစံပြ စိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  သာယာဝတီခရိုင်အတွင်းရှိ နွေစပါးစံပြ စိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှု

ပဲခူး ဧပြီ ၂၇

=================

            ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၂၇)ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ ရတနာတိုး မျိုးသန့်စိုက်ခင်း(၁၀)ဧက၌ မျိုးကွဲနှုတ်ပယ်ခြင်းနှင့် တစ်ဆက်စပ်တည်း နွေစပါး(၆၀)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း၊  ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လွတ်ကုန်းကွင်း၌ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးထားသည့် နွေစပါး (၄၁၀)ဧကကို လည်းကောင်း၊ နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ စက်မှုလယ်ယာစနစ်ဖြင့် တောင်သူ(၂၀)ဦး၏ နွေစပါး စိုက်ခင်းဧက(၁၈၆)ဧကတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ရာ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းက မျိုးသန့်စိုက်ခင်း ဆောင်ရွက်နေမှု အခြေအနေနှင့် နွေစပါးစိုက်ပျိုး အောင်မြင်နေမှု အခြေအနေတို့အား ရှင်းလင်းပြသခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဒေသခံတောင်သူများ၏ အဓိက လိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေရရှိရေးနှင့် လိုအပ်သော ကုန်ထုတ်လမ်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာစာသင်ကျောင်းလိုအပ်ချက်များအား ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက် မျိုးစေ့များ အခမဲ့ ပေးအပ်သည်။

            ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ရန်ကုန်−ပြည်ကားလမ်းဘေးရှိ အပန်းဖြေပန်းခြံ တည်ဆောက်နေမှုနှင့် အခမဲ့ဆေးခန်း ဖွင့်လှစ်မည့်နေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

            ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်လွင်က ပြည်တက္ကသိုလ်၏ အချက်လက်များနှင့် မေလ(၅)ရက်နေ့တွင် တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် တက္ကသိုလ်ဝန်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တည်ဆောက်ရေးလုပ်ငန်းများ မိုးရာသီမရောက်မီ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တက္ကသိုလ်ဝန်း အတွင်း တည်ဆောက်နေသည့် အလျား(၁၈၀)ပေ၊ အနံ(၄၈)ပေ၊ အမြင့်(၃၆)ပေရှိ RC(၃)ထပ် စာသင်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

            ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ညနေပိုင်း၌ ပြည်မြို့ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ကာ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး အလှူငွေပေးအပ်လှူဒါန်းခဲ့ပြီး  (၅)ထပ် ဓမ္မာရုံတည်ဆောက်နေမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ ဇောတိကာရုံကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။