Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေးမှူးများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေးမှူးများနှင့်တွေ့ဆုံ

ပဲခူး မေ ၅

============

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ၌ မေလ(၅)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေးမှူးများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ် သည်။

          ‌ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတစ်နိုင်ငံ ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးကိုအဓိကအခြေခံကြောင်း၊ ပညာရေး၏ အခြေခံသည် ဆရာ/ဆရာမများပင်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်း၌ ခဏတာ CDM ပါဝင်ခဲ့ရပြီး ပြန်လည် တာဝန်ထမ်းဆောင်လိုသော်လည်း ခြိမ်းခြောက်ခံနေရသည့် ဆရာ/ဆရာမများအား မိမိတို့၏ ညီအစ်ကိုမောင်နှမစိတ်ထား၍  ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး စည်းရုံးရေးအသွင် သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ကျောင်းဖွင့်ရာသီ တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းတိုင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီသာ ရပ်တည်သွား ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် လက်ထောက် ပညာရေးမှူးတို့၏ တင်ပြချက်များပေါ် ကောင်စီအဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ပညာရေးမှူးများ၊ လက်ထောက်ပညာရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။