Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ စနစ်ကျသော စက်မှုဇုန်များ ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ စနစ်ကျသော စက်မှုဇုန်များ ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မေ ၁၈

=======================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေလ(၁၈) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က စနစ်ကျသော စက်မှုဇုန်များဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်း၊ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ လမ်းကြောင်းကောင်းမွန်ခြင်း၊ မြေနေရာများ ပေါများခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အား စက်မှုဇုန်ဥပဒေနှင့်အညီ အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဇုန်များကြီးကြပ်ရေး ကော်မတီအနေဖြင့် မူဝါဒများချမှတ်၍ လမ်းညွှန်ပေးရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း သတိထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု၌ စက်မှုဇုန်များ စနစ်တကျဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သာယာဝတီမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်လျက် ရှိပြီး အနာဂတ်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ နိုင်သည်ဖြစ်၍ ယခုအချိန်ကတည်းက စက်မှုဇုန်ဖော်ဆောင်မည့်နေရာများ ရှာဖွေထားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုအားကောင်းလာစေရေး ဒေသတစ်ခုနှင့်တစ်ခု အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက် မှု ကွာဟမှုမရှိစေရန်နှင့် လက်ရှိစက်မှုဇုန်/စက်မှုနယ်မြေ များအတွင်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ ခရိုင်အလိုက် စက်မှုဇုန်များ၊ စက်မှုနယ်မြေများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့မှုအပေါ် ကောင်စီအဖွဲ့ဝင်များမှ စက်မှုဇုန် ဥပဒေနှင့်အညီ ထပ်မံဖွဲ့စည်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြ ခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။