Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၂၈

================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၁) အစည်းအဝေးအား မေလ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးဒေသ သည် မီးရထားလမ်း၊ ကားလမ်းဆုံရာမြို့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကပင်လယ်ထွက်ပေါက် တစ်ခုဖြစ်သည့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့်လည်း ကားလမ်းများ တိုက်ရိုက်ချိတ်ဆက် ထားမှုရှိ၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အထူးစိတ်ဝင်စား၍ ရင်းနှီးမြှုပ်နှံရန် မဟာဗျူဟာအရ အရေးပါသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာပါက ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ပြီး တိုင်းဒေသကြီး၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ဥပဒေ၊ နည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဦးကိုကိုလတ်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ(၂၀၁၆)နှင့် နည်းဥပဒေ(၂၀၁၇)ပါ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းတင်ပြခဲ့ပြီး ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီ(၁)မှ အတည်ပြုလျှောက်လွှာ တင်ပြခြင်းနှင့် လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီ(၁)ခုမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခွင့်တို့အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးသည် စီးပွားရေးအရ အချက်အခြာကျသော ဒေသတစ်ခုဖြစ်ပြီး၊ မဲခေါင် ဒေသ အရှေ့အနောက် စီးပွားရေးစင်္ကြံ‌ပေါ်တွင် တည်ရှိခြင်း၊ သဘာဝသယံဇာတများ ပေါကြွယ်ဝ ခြင်း၊ ကမ္ဘောဇသာဒီနန်းတော်၊ ကျုံး၊ မြို့ရိုး၊ သမိုင်းဝင်ဘုရား စေတီပုထိုးများစွာ တည်ရှိခြင်း တို့ကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အလားအလာကောင်းများရှိနေပြီး တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်လျက်ရှိရာ ပဲခူးမြို့နယ်အတွင်းရှိ လူဦးရေ ၆ သောင်းခန့်အတွက် အလုပ်အကိုင်များ ဖန်တီးပေးထားလျက်ရှိကြောင်း သတင်းရရှိသည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။