Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုး သားဖောက်ခြင်း သင်တန်းသို့ တက်ရောက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုး သားဖောက်ခြင်း သင်တန်းသို့ တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၈

===================

           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုးသားဖောက်ခြင်းသင်တန်းအား ကောင်စီအဖွဲ့ ဝင်များနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

     ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပြည်သူများ အနေဖြင့် စားဝတ်နေရေးအတွက် အဖြစ်မနေ လုပ်ကိုင်ကြရာမှာ GAqP နှင့်အညီ ဘေးကင်းလုံခြုံ သော အစားအစာများ ထုတ်လုပ်နိုင်မှသာ အန္တရာယ်ကင်းပြီး အဟာရပြည့်ဝ ဉာဏ်ရည်ပြည့်မီမှာ ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရေချိုငါးများအား ရန်ကုန်စံပြငါးဈေးကွက် သို့ နေ့စဉ် တန်ချိန်(၁၀၀)ကျော်ခန့် ဖြည့်တင်းဆောင်ရွက်ပေးနေရသလို နေ့စဉ်လူတိုင်း ငါးစားသုံးမှု  တိုးတက်မြင့်မားလာသည်ကိုလည်း တွေ့ရှိနေရကြောင်း၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် ဈေးကွက်ခိုင်မာမှုရှိပြီး စီးပွားရေးအရ တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်၍ သင်တန်းသားများ အနေဖြင့် သင်ကြားမှုများအား အလေးအနက်ထားသင်ယူ၍ အရည်အသွေးပြည့်မီသော ထုတ်ကုန် များ  ထုတ်လုပ်နိုင်ပါစေကြောင်းနှင့် သင်တန်းအား COVID-19 စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ် သင်ကြားပေးရန် အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုးသားဖောက်ခြင်း သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

          အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်များမှ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့်အညီ ရေထွက်ကုန်များကို ထုတ်လုပ်နိုင်စေရန်၊ ငါးရောဂါနှင့် ရေအရည်အသွေး ထိန်းသိမ်းမှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ကျေးလက်နေ ပြည်သူများ ငါးမွေးမြူထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်း၊မျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန်နှင့် ငါးထုတ်လုပ်မှုတိုးတက်စေပြီး လူတစ်ဦးချင်း ငါးစားသုံးမှု မြင့်မားလာစေရန် ရည်ရွယ်၍ ဇွန်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်း(၁၃)ဦး၊ လုပ်ငန်းရှင်ပြည်သူ(၁၇)ဦး၊ စုစုပေါင်း(၃၀)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။