Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ပဲခူး ဇွန် ၂၉

===================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာ‌န်တော်ကြီး၌ ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက်သွားမည့် Road Map (၅)ချက်နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဖြစ်စဉ်အခြေအနေမှန်များ၊ Social Media (Facebook)ပေါ်မှ မဟုတ်မမှန်သတင်းဖြန့်နေမှု အခြေအနေများ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အရေးပါသော အခန်းကဏ္ဍအကြောင်းအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှမျိုးရွှေက လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ကျောင်းသား/သူများ ကျောင်းတက်ရောက်နိုင်ရေးကို လည်းကောင်း၊ အတွင်းရေးမှူး ဦးစိုးသိန်းက နေ့စဉ်ဧည့်စာရင်း စစ်ဆေးခြင်းနှင့် One Village One Product ဒေသထွက်ကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချနိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာများကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီး ကျော်ထွဋ်က တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လမ်းအဆင့်မြှင့်တင်နိုင်ရေး၊ လျှပ်စစ်မီးရရှိနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်၊ ကျောင်းဆရာ/ဆရာမ လိုအပ်ချက်၊ ကျေးလက်တံတားပြုပြင်နိုင်ရေးလိုအပ်ချက်နှင့် လုံခြုံရေးဆိုင်ရာလိုအပ်ချက်များ တင်ပြခဲ့ကြရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          တွေ့ဆုံပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း နှင့် ကောင်စီအဖွဲ့ဝင်များ၊ ပဲခူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။