Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေသွားရောက်ထောက်ပံ့

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေသွားရောက်ထောက်ပံ့

ဒိုက်ဦး ဇူလိုင် ၂၄

===================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက် နေ့၊ ည(၈)နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ လိုက်ပါလျက် ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ၊ ဆေးရုံတာဝန်ခံ လက်ထောက်ဆရာဝန် ဒေါက်တာနန်းဝင်းက ကိုဗစ်-၁၉ ရောဂါ ကုသနေမှုအခြေအနေနှင့် ဆေးရုံအတွက် အောက်စီဂျင်လိုအပ်ချက်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အောက်စီဂျင် လိုအပ်ချက်အား အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေနှင့် အောက်စီဂျင်(၄၀)လီတာအိုး (၁၀)လုံးအား ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ အဖွဲ့ဝင်များနှင့်အတူ ဒိုက်ဦးမြို့နယ်လမ်းဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ ပရဟိတအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပရဟိတအသင်း အဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး၊ ကျန်းမာရေးသုံး အကာကွယ်ပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးနှင့် အောက်စီဂျင်အိုးလိုအပ်ချက်များ အချိန်မီတင်ပြရန်တို့အား လမ်းညွှန်ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံး ပြုရန်အတွက် ငွေကျပ်သိန်း(၁၀၀)အား ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ အဖွဲ့ဝင်များသည် ဇူလိုင်လ(၂၄)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒရယ်မီးချောင်း ရေလျှံကာ ဒရယ်မီးရပ်ကွက်နှင့် မင်းတဲရပ်ကွက်အတွင်း ချောင်းရေဝင်ရောက်မှု လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရပ်ကွက်အတွင်း ချောင်းရေဝင်ရောက်မှု အမြန်ဆုံး ကျဆင်းစေရေးနှင့် ချောင်းရေ ပြန်လည်ကျဆင်းသွားပါက ရေဝင်ရောက်ခဲ့သည့် ဆေးရုံ၊ ရုံးများနှင့် လူနေရပ်ကွက် နေရာများအား သန့်ရှင်းရေးဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။