Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ မေလအတွင်း ပြည်ပကုမ္ပဏီ(၂)ခုမှ စက်ရုံအသစ် တည်ဆောက် လုပ်ကိုင်ခြင်းအတွက် အမေရိကန်ဒေါ်လာ (၆.၁)သန်း ဝင်ရောက်ခဲ့

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ မေလအတွင်း ပြည်ပကုမ္ပဏီ(၂)ခုမှ စက်ရုံအသစ် တည်ဆောက် လုပ်ကိုင်ခြင်းအတွက် အမေရိကန်ဒေါ်လာ (၆.၁)သန်း ဝင်ရောက်ခဲ့

ပဲခူး မေ ၂၇

=========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး၏ တည်ငြိမ်အေးချမ်းမှု၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုတို့ကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များများရရှိစေမည့် CMP လုပ်ငန်းများကို အဓိကထား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လမ်း၊ လျှပ်စစ်မီးနှင့် ရေ ရရှိရေးလုပ်ငန်းတို့အား စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများအား သတ်မှတ်ထား သည့် စက်မှုဇုန်များအတွင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် တစ်စုတစ်စည်းတည်း စနစ် တကျဖြစ်စေရေး ဖွဲ့စည်းပေးထားသည့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီမှ အနီးကပ်ကြီးကြပ် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ စက်မှုမြေအဖြစ် ခွင့်ပြုပေးထားသည့် မြေနေရာများ မြေလပ်မရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ခွင့်ပြုပေးထားသည့် လုပ်ငန်းအမျိုးအစားအလိုက် လိုက်နာဆောင်ရွက် ခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ပြည်တွင်း အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် လုပ်ငန်းများ ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေး မိမိတို့အစိုးရအပိုင်းမှ လိုအပ် သော နည်းပညာနှင့် ချေးငွေရရှိရေး ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် Weartec Seam Garment Manufacturing Co., Ltd မှ (CMP)အထည်ချုပ် လုပ်ငန်းစက်ရုံအသစ် ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၃)သန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကိုလည်းကောင်း၊ ဂျပန်နိုင်ငံအခြေစိုက် Bago Sport Gloves Co., Ltd မှ (CMP)လက်အိတ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံအသစ် ထပ်မံတိုးချဲ့သော ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၃.၁)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်တို့အား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက အကြံပြုဖြည့်စွက် တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) အစည်းအဝေး တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆.၁)သန်း တိုးမြှင့်ဝင်ရောက် ခဲ့ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ (၁၄၅၀)ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၂၃.၇၁၂)သန်းနှင့် မြန်မာကျပ်ငွေ (၉၅၂၉.၁၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၇၄၅၈) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။