Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးမှ အာရှအဆင့် ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက် ခဲ့သည့် အစဉ်အလာကောင်းအား ထိန်းသိမ်းကြိုးစားယှဉ်ပြိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန် မှာကြား

ပဲခူးတိုင်းဒေသကြီးမှ အာရှအဆင့် ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက် ခဲ့သည့် အစဉ်အလာကောင်းအား ထိန်းသိမ်းကြိုးစားယှဉ်ပြိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန် မှာကြား

ပဲခူး ဇူလိုင် ၁၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အသင်းသားများက တစ်ဦးချင်းဂါရဝပြု နှုတ်ဆက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဟူသော အားကစားဆိုင်ရာခံယူချက်အတိုင်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ကျန်းမာသန်စွမ်းသူများ ပေါ်ထွက်လာစေရေးအတွက် အားကစားကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘောလုံး အားကစားနည်းသည် မြန်မာနိုင်ငံအတွက် အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားသည်နှင့်အညီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ အာရှအဆင့် ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစာသမားများပေါ်ထွက်ခဲ့သည့် အစဉ်အလာ ကောင်းများကိုလည်း ဆက်လက်ထိန်းသိမ်း ကြိုးစားယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို တိတိကျကျ လေးစား လိုက်နာပြီး အနိုင်မခံအရှုံးမပေး အားကစားစိတ်ဓါတ်ကို အရင်းခံကာ အစွမ်းကုန်ကြိုးစားပြီး တိုင်းဒေသကြီး ၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် အားကစားသမားကောင်းများ ဖြစ်နိုင်ကြစေလိုကြောင်းနှင့် ယခုပြိုင်ပွဲမှ ရရှိလာမည့် အားသာချက်/အားနည်းချက်များ၊ အတွေ့အကြုံများ အပေါ်အခြေခံပြီး အမျိုးသားအားကစား ပွဲတော်မှာ အောင်မြင်မှုရရှိရေး ပြင်ဆင်သည့်အနေဖြင့် အစွမ်းကုန်ကြိုးစားပြီး ယှဉ်ပြိုင်သွားကြစေလို ကြောင်း ဩဝါဒအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးအသင်းအတွက် ပြိုင်ပွဲကျင်းပခဲ့မှု၊ စခန်းသွင်းလေ့ကျင့်မှု၊ ခြေစမ်းပွဲကစားခဲ့မှု အခြေ အနေတို့အား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြ ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံ နှင့် ထောက်ပံ့ငွေကျပ် သိန်း(၅၀)တို့အား ပေးအပ်ခဲ့ရာ အသင်းအုပ်ချုပ်သူနှင့် နည်းပြတို့က လက်ခံရယူခဲ့ ကြပြီး အသင်းအုပ်ချုပ်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။