Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) အစည်းအဝေး

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) အစည်းအဝေး

ပဲခူး ဖေဖော်ဝါရီ ၂၅

=========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။

                 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး/မွေးမြူရေးကို အဓိကထား လုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းပစ္စည်းများ ပေါကြွယ်ဝသဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်သည့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း၊ တို်ငးဒေသကြီးအတွင်း အလုပ်လုပ်ကိုင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ လုံလောက်စွာရှိသဖြင့် CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများလည်း ထပ်မံဖိတ်ခေါ်စေလိုကြောင်း၊ မိမိတို့ တို်ငးဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စက်မှုလုပ်ငန်းများခွင့်ပြုချထားပေးရာတွင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို မထိခိုက်သော စက်မှု လုပ်ငန်းများကိုသာ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စက်မှုဇုန်ဥပဒေအရ လိုက်နာရမည့် စည်းကမ်း ချက်များကို သိရှိလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လာမည့်မိုးရာသီမှစတင်၍ စက်မှုဇုန်များအတွင်း အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးသွား မည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်အတွင်း တရားမဝင် ကျူးကျော်နေထိုင်မှုများ မရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းနှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခြင်း ကုမ္ပဏီ(၂)ခုနှင့် သီးသန့်တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းကုမ္ပဏီ(၃)ခုတို့၏ တင်ပြချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် များက အကြံပြုဖြည့်စွက်တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၆.၃၂၆)သန်းကျော် ထပ်မံစီးဝင်လာမည်ဖြစ်သဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးမြှင့် ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၁၀.၈၀၉) သန်းနှင့် မြန်မာကျပ်ငွေ (၈၃၂၉.၁၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၄၉၅၃) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။