Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားတက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားတက်ရောက်

ပဲခူး နိုဝင်ဘာလ ၂၆

================

          ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး/ ခရိုင် / မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး‌စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးနှင့် ကလေးသူငယ်ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိ သူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ အမျိုးသမီးကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတော်အဆင့် ဆောင်းပါးပြိုင်ပွဲဆုရရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် နိုင်ငံတော်အဆင့် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)အား မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ဂုဏ်ပြုဆုငွေကျပ်(၃)သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ် (၂)သိန်း စုစုပေါင်းဂုဏ်ပြုဆုငွေကျပ်(၅)သိန်းနှင့် နှစ်သိမ့်ဆု ရရှိသည့်  ဦးအောင်သန်း(အောင်ခန့်ဖြိုးဝေ- တောင်ငူ)အား မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ဂုဏ်ပြုဆု ငွေကျပ်(၁)သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်(၁)သိန်း စုစုပေါင်းဂုဏ်ပြုဆု ငွေကျပ်(၂)သိန်း တို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့်ပတ်သက်၍ Video Clip ပြသမှုအား ကြည့်ရှု့ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု့ခဲ့ကြ ကြောင်း သတင်းရရှိသည်။