Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပဲခူး ဒီဇင်ဘာ ၂
=============

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာ ကိစ္စရပ်ရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး လူမျိုးအလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအသင်းအဖွဲ့(၆၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး တိုင်းရင်းသား ဘဝများ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်နေကြတာကို မြင်ရသည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ မိမိတို့ လူမျိုးအလိုက် စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ကွယ်အောင် ထိန်းသိမ်းနိုင်ခြင်းသည် အင်မတန်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာသင်ကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေ သင်ကြားသည့် ဆရာ/ ဆရာမများကို မွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့၏ ဦးဆောင်မှု၊ လမ်းညွှန်မှုပေါ်တွင် အများကြီးမူတည်နေကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဖြည့်ဆီးဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် မိမိတို့ဒေသအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တိုင်းရင်းသားအခွင့်အရေးများနှင့် ပတ်သက်သည့်ကိစ္စရပ်များကို လုပ်ဆောင်ပေးရန်ရှိပါက တင်ပြဆွေးနွေးပေးရန်လိုအပ်ကြောင်း အဖွင့် အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သက်ဆိုင်ရာတိုင်းရင်းသား လူမျိုးများအလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ပဲခူးတိုင်းဒေသကြီးကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်ခရိုင်များမှ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ တိုင်းဒေသကြီးအရှိုချင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ တိုင်းဒေသကြီးမွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ တိုင်းဒေသကြီးရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ တိုင်းဒေသကြီးပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှတာဝန်ရှိသူများက အသီးသီးဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများအလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီးလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။