Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်တံခါးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်တံခါးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ကျောက်တံခါး ဒီဇင်ဘာ ၁၁
==============

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၁) ရက်နေ့ နံနက်ပိုင်းအချိန်က ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်ဌာန ဆိုင်ရာများနှင့်အတူ ကျောက်တံခါးမြို့နယ်သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကျောက်တံခါးမြို့နယ်သို့သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ကျောက်တံခါးမြို့နယ်အတွင်း လိုအပ်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများသာမက မြို့မိမြို့ဖများ၊‌ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အတွင်းရှိပြည်သူများ စားသုံးမှုဖူလုံ‌‌စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ကိုင်နိုင်ရေး ပန်းခင်းစီမံချက်လုပ်ငန်းကိုလည်း သက်ဆိုင်ရာဌာနများအားလုံး ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်း‌ဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ပေးအပ်သည့်တာဝန်များကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ မြန်မြန်ဆန်ဆန် ကျေပွန်အောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခက်အခဲများရှိပါကလည်း ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် လိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်(၅၆၂)သန်းကျော်ဖြင့် တိုးချဲ့နှစ်ထပ်ဆေးရုံအဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးရာ တည်ဆောက်ရေး ကုမ္ပဏီတာဝန်ရှိသူမှ လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် အရည်အသွေး ပြည့်မီရေး စေတနာထားဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားကာ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ဆေးရုံအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကန်သာယာငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်သို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ရာ အသင်းဥက္ကဋ္ဌဦးမောင်ဦးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အသင်းအဖွဲ့အနေဖြင့် မိမိတို့လုပ်ဆောင်နေသည့် မွေးမြူရေးလုပ်ငန်းအား အောင်မြင်ဖြစ်ထွန်းအောင် တိုးချဲ့လုပ်ဆောင်ကြရန်၊ မွေးမြူရေးအပြင် ငါးကန်ဘောင်များတွင် ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တွဲဘက်လုပ်‌ကာ စီးပွားဖြစ်ထွန်းသည်အထိ ကြိုးစားလုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။