Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝါးကတုတ်ဆည် ရေပေါ်လှောင်အိမ် (Cage Culture) ငါးမျိုး ထည့်ခြင်း အခမ်းအနားတက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝါးကတုတ်ဆည် ရေပေါ်လှောင်အိမ် (Cage Culture) ငါးမျိုး ထည့်ခြင်း အခမ်းအနားတက်ရောက်

ပဲခူး ဒီဇင်ဘာ ၁၆ ရက်
=============

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်း အချိန်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံ အနီးရှိ ဝါးကတုတ်ဆည်၌ ကျင်းပပြုလုပ်သည့် ရေပေါ်လှောင်အိမ် (Cage Culture)ငါးမျိုးထည့်ခြင်း အခမ်းအနားတက်ရောက် ခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ငါးခုံးမကြီး(၂၀၀၀)ကောင်၊ တီလားပီးယား (၂၀၀၀)ကောင် တို့အား ဝါးကတုတ်ဆည် ရေပေါ်လှောင်အိမ် (Cage Culture)(၄)ကန်အတွင်းသို့ ငါးမျိုး ထည့်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အခြားသော ဆည်/ မြစ်ချောင်းများအတွင်း ငါးအကောင်ရေ (၁၀၀၀)ဆံ့ (၁၀)ပေပတ်လည်ပိုက်များဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းအား ကျယ်ကျယ် ပြန့်ပြန့် ပညာပေးလုပ်ကိုင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ရေပေါ်လှောင်အိမ် (Cage Culture)ဖြင့် ငါးမွေးမြူခြင်းအား ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ နမူနာပြစမ်းသပ်၍ စတင်မွေးမြူခြင်းဖြစ်ပြီး အောင်မြင်မှုရရှိပါက မွေးမြူရေး လုပ်ငန်းရှင်များအား စီးပွားဖြစ်မွေးမြူနိုင်ရေး နည်းပညာများ ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောနတ်ကြီး-ဘုရားကြီးသွားလမ်း အမြန်လမ်းမကြီး (၃၉)မိုင် အနီးရှိ လုံခြုံရေးနှင့် ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးပြီး ဝင်္ဂဘော်ဆင်စခန်းသို့သွားရောက်၍ ကြည့်ရှုခဲ့ပြီးနောက် ဆင်စခန်းဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆင်များ ကျန်းမာရေးကောင်းမွန်စေရေးနှင့် အစာပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလိလမ်းဆုံမှ သမိန်ဗရမ်းလမ်းအထိ အရှည် (၁၀)မိုင် (၅)ဖာလုံရှိ ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း၊ ကလိလမ်းဆုံမှ သနပ်ပင်လမ်းဆုံအထိ အရှည် (၆)မိုင်ထု အခြေခံလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု့ အား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတိုးတိုးမှ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း၊ ကလိ၊ သနပ်ပင်၊ ဆံတော်တွင်းလမ်းပိုင်းအား Mini Budget ကာလအတွင်း သတ်မှတ်လျာထားချက်များအတိုင်း အချိန်မီပြီးစီးရေးနှင့် သက်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။