Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် ကုန်းမြင့်လယ်ယာမြေများအား Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေနေမှုနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါကောက်သိမ်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် ကုန်းမြင့်လယ်ယာမြေများအား Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေနေမှုနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါကောက်သိမ်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ပြည် ဒီဇင်ဘာလ ၁၈
=============

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ပြည်မြို့ Mingalar Garden Hotel ၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာမြို့အပျော်တန်း စက်ဘီးစီးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ လုပ်ငန်း ကြိုတင်ဆောင်ရွက်ထားမှုအခြေအနေအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များအား ညှိနှိုင်း‌ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဖန်ခါးပင်ကျေးရွာရှိ တောင်နဝင်း ရေသောက်စနစ် (PK-1) မြောင်းအဖျားပိုင်း ကုန်းမြင့် လယ်ယာမြေဧက(၇၀)အား တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ထားသော Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှုကာ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး မှာကြားခဲ့ပြီး ပေါက်ခေါင်းမြို့နယ်၊ အထက သို့သွားရောက်ပြီး ကျောင်းသား/သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အားကစားပြုလုပ်ရန် ဘောလုံး များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖောက်လုပ်ခဲ့သော အရှည် ၄ မိုင် ၅ ဖာလုံရှိ ပနီပင်- ညောင်ပင်လှ- သစ်ချိုပင်- သပြေပင်အင်း- ကံစု- ကြောင်လျှာကုန်- အင်းဝင်း ကျေးရွာချင်းဆက် မြေသားလမ်းအားကြည့်ရှုခဲ့သည်။ အဆိုပါလမ်းသည် ကျေးရွာ(၇)ရွာမှ လယ်ယာ ထွက်ကုန်သီးနှံများအား မြို့ပေါ်သို့အလွယ်တကူ တင်ပို့ရန် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ သစ်ချိုပင်အုပ်စု၊ ကံစုကျေးရွာ မိုးနှောင်းချည်မျှင်ရှည်ဝါကောက်သိမ်းပွဲသို့ သွားရောက်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တောင်သူများ အထွက်နှုန်းပိုမိုကောင်းမွန်သော ဝါမျိုးများအား တိုးချဲ့စိုက်ပျိုး သွားကြရန်နှင့် တစ်နှစ်(၃)သီးစိုက်ပျိုးရန် မှာကြားခဲ့ပြီး တောင်သူများမှ တင်ပြလာသော လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာလျှပ်စစ်မီးရရှိရေးနှင့် စိုက်ပျိုးရေ ရရှိရေးဆိုင်ရာကိစ္စရပ်များအား ဝန်ကြီးချုပ်မှသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဝက်ထီကန်တိုက်နယ်ကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအားကြည့်ရှု့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ဝက်ထီးပန်မြို့ရှိ ဝေယံ တိုင်းရင်းကြက်သားပေါက်ဖြန့်ချီရေးနှင့် သားဖောက်စက် အရောင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသကြက်မျိုးများအား ခေတ်မှီနည်းစနစ်များနှင့် သားဖောက်ခြင်းနှင့် မွေးမြူခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် တိုးတက်လေ့လာသွားရန် မှာကြားခဲ့ပြီး ဝက်ထီးကန်မြို့၊ တိုက်နယ်ဆေးရုံသို့ ရောက်ရှိကာ ဆေးရုံဝန်းပတ်လည် ခြံစည်းရိုးကာရံနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဆေးရုံအတွက် အထွေထွေအသုံးပြုရန် ငွေကျပ် (၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။