Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေတောင်မြို့နယ်ရှိ နေကြာသီးညှပ်စံပြကွက်နှင့် ပြည်နဝဒေးသကြားစက်ရုံတို့အား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေတောင်မြို့နယ်ရှိ နေကြာသီးညှပ်စံပြကွက်နှင့် ပြည်နဝဒေးသကြားစက်ရုံတို့အား ကြည့်ရှုစစ်ဆေး

ပြည် ဒီဇင်ဘာလ ၁၉
============

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၉) ရက်နေ့တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ ကွင်းအမှတ်(၄၄၂/၁၅၆)၌ စိုက်ပျိုးထားသည့် တောင်သူဦးသန်းမောင်၏ မြေပဲနှင့်နေကြာ သီးညှပ်စိုက်ခင်း (၅)ဧကအား သွားရောက် ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်သုံးဆီသုံးရေတင်စနစ်အစား နေရောင်ခြည် စွမ်းအင်သုံး Solar စနစ် အစားထိုးသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့ရှိ ခင်မြဝေ ယက္ကန်းရုံသို့သွားရောက်၍ ကျီးသဲစည်းလုံချည်နှင့် လုံချည်များ တစ်နိုင်တစ်ပိုင်ရက်လုပ်နေမှုအနေများအားကြည့်ရှုပြီး ဒေသတွင်း ထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်ရှိ နဝဒေးသကြားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဒုတိယစက်ရုံမှူးဒေါ်နီနီမော်မှ စက်ရုံလည်ပတ်မှု၊ စက်ရုံအဆင့်မြှင့်တင်ထားရှိမှု၊ ကုန်ကြမ်းဝယ်ယူရရှိမှုနှင့် အနာဂတ်တွင်စက်ရုံအား အဆင့်မြှင့်တင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်ရုံကုန်ကြမ်းများ အချိန်နှင့် တပြေးညီရရှိနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နဝင်းတံတားအနီး ဧရာဝတီမြစ်ရေကျချိန်တွင် နဝင်းချောင်းမှ ရေတိုက်စားခြင်း ခံရသော နဝင်းတံတားချဉ်းကပ်လမ်းအား လမ်းတာဘောင် မြေသားပြုပြင်ခြင်း လုပ်ငန်းအား သွားရောက် ကြည့်ရှုရာ သတ်မှတ်ကာအတွင်းပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရေးနှင့် နှစ်စဉ်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်မှုဦးစီဌာနနှင့် ပူပေါင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ ပြည်မြို့ မဟာသုဒသရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသေဋ္ဌိလနှင့် မင်းကျောင်းကျောင်းတိုက်၊ ဝိသုဒ္ဓါရုံဗာရာဏသီ ကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြှော်ပြီး သာသနာရေးဆိုင်ရာများလျှောက်ထားကာ နဝကမ္မအလှူငွေနှင့် လှူဖွယ် ပစ္စည်းများအား ဆပ်ကပ် လှူဒါန်းခဲ့ကြသည်။