Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၉
=============

ပဲခူးမြို့ ဥဿာမြို့သစ်အားကစားကွင်း၌ ဒီဇင်ဘာလ(၂၉)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၁ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှု့အားပေးကြသည်။
ထို့နောက် အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသမီးမီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများ၊ အမျိုးသား မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဥပဒေချုပ်နှင့် ဝန်ကြီးများမှ ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ အမျိုးသမီးတံခွန်စိုက် တတိယဆုရရှိသော ဖြူးမြို့ နယ်အသင်းအား ငွေကျပ်(၃)သိန်း၊ အမျိုးသမီးတံခွန်စိုက် ဒုတိယဆုရရှိသော ရွှေတောင်မြို့နယ် အသင်းအား ငွေကျပ်(၄)သိန်း၊ အမျိုးသမီးတံခွန်စိုက် ပထမဆုရရှိသော မင်းလှမြို့နယ်အသင်းအား ငွေကျပ်(၆)သိန်း၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ပထမတံခွန်စိုက်ဆုဖလားတို့ကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေမှ အမျိုးသားတံခွန်စိုက် တတိယဆုရရှိသော ပဲခူးမြို့နယ် အသင်းအား ငွေကျပ်(၃)သိန်း၊ အမျိုးသားတံခွန်စိုက် ဒုတိယဆုရရှိသော ပြည်မြို့နယ်အသင်းအား ငွေ ကျပ်(၄)သိန်းအားလည်းကောင်း ဆုများပေးအပ်ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အဖွဲ့ချုပ်ဒိုင်များနှင့် တိုင်း ဒေသကြီးအတွင်းရှိ ဒိုင်များအတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်း၊ အမျိုးသားတံခွန်စိုက် ပထမဆုရရှိသော ဖြူးမြို့နယ်အသင်းအား တံခွန်စိုက်ပထမဆုဖလားနှင့် ငွေကျပ်(၇)သိန်း၊ အမျိုးသား/အမျိုးသမီး စုပေါင်း တံခွန်စိုက်ဆုရရှိသော ဖြူးမြို့နယ်အသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ငွေကျပ်(၁၀)သိန်း တို့အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
၂၀၂၁ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား ဒီဇင်ဘာလ(၂၈)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ အားကစားသမား(၃၂၀)ဦးပါဝင်ကာ ကျား/မ မီတာ(၁၅၀၀)၊ မီတာ(၈၀၀)၊ မီတာ(၄၀၀)၊ မီတာ(၂၀၀)၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲများ၊ ကျား/မအလျားခုန်၊ ကျား/မသံလုံးပစ်၊ ကျား/မ သုံးဆင့်ခုန်၊ ကျား/မ လှံတံပစ်၊ ကျား/မ သံပြားပစ်၊ ကျား/မတန်းမြင့်ခုန်၊ ကျား/မမီတာ(၄၀၀) လက်ဆင့်ကမ်း၊ မီတာ(၁၆၀၀) လက်ဆင့်ကမ်းစသည့် အားကစားနည်းများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်တစ်မြို့နယ်လျှင် ထောက်ပံ့ငွေကျပ်(၁)သိန်း(၅)သောင်းစီနှင့် စုစုပေါင်းမြို့နယ်(၂၈)မြို့နယ် အတွက် ငွေကျပ်(၄၂)သိန်း သီးခြား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။