Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ စက်တင်ဘာ ၅

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စုအတွင်း ယခင်(၁)သီးသာ စိုက်ပျိုးခဲ့သည့် သဲဆန်လယ်မြေများအား တစ်နှစ်(၂)သီးမှ (၃)သီးအထိ သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေးနှင့် နွေစပါး စိုက်ပျိုးရေးအတွက် လိုအပ်သည့် ချောင်းဖြူချောင်းအား တမံပိတ်နိုင်ရေး၊ ရေပေးမြောင်း ပြန်လည်တူးဖော် ခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ဘုရင့်နောင်ဈေး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ် သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများအတွက် သက်သာသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး စိစစ်ကြပ်မတ်ရန်၊ ဈေးအတွင်း အမှိုက်များ စနစ်တကျသိမ်းဆည်းရန်နှင့် စားသုံးကုန်များ သန့်ရှင်းလက်ဆတ်မှုရှိစေရေး ကြီးကြပ်ဆောင်ရွက် ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၁၄ ခုနှစ်တွင် တောင်ငူမြို့၊ မြို့မဈေးမီးလောင်သည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နစ်နာခဲ့ရသည့် ဈေးသူ/သား အများစုလက်ခံနိုင်သည့် ပုံစံအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး တွက်ချက်တင်ပြရန်၊ ဈေး အတွင်း အရေးပေါ်ကားများ ဝင်/ထွက်နိုင်ရေး သတ်မှတ်လမ်းအကျယ်အတိုင်း တည်ဆောက်ရန်၊ ဈေးရုံများ အလိုက် အရေးပေါ် မီးငြိမ်းသတ်နိုင်ရေး မီးသတ်ရေငုတ်များ၊ ရေစင်များ၊ မြေအောက်ရေသိုလှောင်ကန်များ ထည့်သွင်း တည်ဆောက်သွားရန်နှင့် ရေးစီးရေလာကောင်းမွန်စေရေး ရေထုတ်မြောင်းများ တစ်ပါတည်း ထည့်သွင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ လဲဘူးကျေးရွာ၌ ဦးရဲဝင်း၏ ဥစားကြက်(၂၅၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာများ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်နည်းပညာများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ဒေသတွင်း ဥစားသုံးမှုဖူလုံပိုလျှံစေရေး ဥစားကြက်မွေးမြူရေးလုပ်ငန်း များအား တိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။    ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန် ကျေးရွာရှိ Nilar Frozen Food Co., Ltd နှင့် ဒေသခံတောင်သူများ အကျိုးတူ ဂျပန်ရုံးပတီသီး စိုက်ပျိုးထားရှိ မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအတွက် ယာမြေတစ်ဧကလျှင် သိန်း(၂၀)ကျော် အကျိုး အမြတ်ရှိသည့် လုပ်ငန်းဖြစ်၍ အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်နှင့် သီးနှံအလိုက် တန်ဖိုးမြှင့်စိုက်ပျိုးရေးဇုံတစ်ခုအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။