Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဩဂုတ် ၂

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မိကျောင်းရဲရပ်ကွက်၊ နဝဒေး လမ်းရှိ MSME လုပ်ငန်းရှင် ဦးဇင်ကိုဦး၏ “ရွှေမြင့်မိုရ်” မှိုမျိုးထုပ်နှင့် မှိုစိုက်ပျိုးရေးအလုပ်ရုံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း မှိုစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာစေရေးနှင့် မှိုအား တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်းမြို့နယ်၊ ကြံခတ်ဝါးရုံကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၀)၌ မိုးစပါးတစ်ကွင်းတစ်ဆက်တည်း စံပြကွက်ကျယ်ဧက(၁၀၀) ၌ စုပေါင်းမြေဩဇာကြဲပက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲရန်၊ သီးထပ်သီးနှံအဖြစ် ဆီထွက်ပဲပုတ်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ်၊ လယ်မ ကျေးရွာရှိ ဦးအောင်စိုးနိုင်၏ “အားမာန်ခေတ်” လယ်ယာသုံးစက်ကိရိယာလုပ်ငန်းမှ ထွန်စက်နောက်တွဲ Drum Seeder (၁၆)သွား စမ်းသပ်ထုတ်လုပ်ထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပဲမျိုးစုံအစေ့ချ နိုင်သည့်အဆင့်ထိ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် လက်ပံတန်း မြို့၊ မြို့မရပ်ကွက်၊ မြို့နယ်ခန်းမ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းစုကျေးရွာမြေငှားဂရန် ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကျေးရွာသူ /သားများထံ မြေငှားဂရန်များ အသီးသီးပေးအပ်ခဲ့ကြသည်။

          ထို့နောက် ကျေးရွာမြေငှားဂရန် ပေးအပ်ခဲ့မှုနှင့်ပတ်သက်၍ လက်ပံတန်းမြို့နယ်၊ ကျောင်းစုကျေးရွာ သားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကျေးရွာ များအလိုက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။