Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေး(၁/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေး(၁/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၃၀

====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ (၃၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ် သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သဘာဝဘေး အန္တရာယ်သည် မျှော်မှန်း၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းသက်သာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မိုးရေချိန်များသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သလို မြစ်/ချောင်းဘေး တစ်လျှောက် ကျေးရွာနှင့် မြို့များတည်ထား ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများကို အထိုက်အလျောက် နှစ်စဉ်ခံစားရကြောင်း၊ တစ်နှစ်ထက် တစ်နှစ် ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်အတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပိုမိုဆောင်ရွက်နေသလို ပြည်သူလူထုအတွင်းသို့လည်း သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေး လိုအပ်မည်ဖြစ် ကြောင်း၊ မြို့နယ်များတွင် ဆောက်လုပ်ထားသည့် Cyclone Shelter များ ကြိုတင်စစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  သဘာဝဘေးနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများလည်း ဆောင်ရွက် ထားရမည်ဖြစ် ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေး စခန်းများ နေရာချထားရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက မြို့နယ်များအလိုက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရာတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်၊ လေဘေးအမြဲဖြစ်ပွားတတ်သည့် ဒေသများ လေကာပင်များ စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန်၊ ဩဂုတ်လအတွင်း မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ပဲခူးမြို့တွင် ပဲခူးမြစ်ရေ၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေနှင့် ရွှေကျင်မြို့တွင် ရွှေကျင်မြစ်ရေတို့သည် စိုးရိမ်ရေအမှတ်အထက်သို့ အသီးသီး ရောက်ရှိနိုင်မည်ဖြစ်၍ အဆိုပါမြို့များရှိ ရပ်ကွက်/ကျေးရွာများအား သတင်းအချက်အလက်များ ကြိုတင်အသိပေးထားရန်၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ် သော စက်ယာဉ်ယန္တရားများ အသင့်အနေအထားဖြစ်စေရေး ဆောင်ရွက်ထားရန်တို့အား အကြံပြု ဆွေးနွေးတင်ပြ ခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဌာနအလိုက် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အရန်ဆန်ရိက္ခာ ဖြန့်ဝေထားရှိမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ကြပြီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်ပေါ်သည့် ရွှေကျင်မြို့နယ်တွင် Cyclone Shelter တည်ဆောက်ပေးရန်နှင့် အရန်ဆန်ရိက္ခာ ကြိုတင်စုဆောင်းထားနိုင်ရေးလိုအပ်ချက်နှင့် အခြားလိုအပ်ချက် များ တင်ပြခဲ့ကြရာ  ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ သည်။

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်/တမံပေါင်း(၃၉)ခုရှိသည့်အတွက် ဆည်တမံများ၏ ကြံ့ခိုင်ရေးအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်ရုံများအနေဖြင့်လည်း ဆည်ရေလွှတ်ရာတွင် သက်ဆိုင်ရာ မြို့နယ်/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ကြိုတင်ချိတ်ဆက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီသို့လည်း သတင်းပေးပို့ရန် လိုအပ် ကြောင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်များ၊ မြစ်ရေကြီးမှု သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူသိရှိစေရန် ရပ်ကွက်/ကျေးရွာများ၌ သတိပေးထုတ်ပြန် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းနှင့် နှစ်စဉ်ရေဝင်ရောက်သည့် မြို့နယ်များတွင် Cyclone Shelter များ ထပ်မံဆောက်လုပ်နိုင် ရေး တင်ပြပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၃၂.၃)သန်းဖြင့် ဆောင်ရွက်နေသည့် ပဲခူးမြို့၊ ညောင်ဝိုင်းရပ်ကွက်၊ ကြခတ်ဝိုင်း ဘုန်းတော်ကြီးကျောင်းအနီး ပဲခူးမြစ် ယာယီကမ်းပြို ကာကွယ်ရေးလုပ်ငန်းသို့ သွားရောက် ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲသွေးအောင်က လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်သည့် လုပ်ငန်းတစ်ခုဖြစ်၍ အလေးအနက်ထား ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်းမှာလည်း အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ဒီဇိုင်းများအတိုင်း ဆောင်ရွက်စေလိုကြောင်း၊ ရေရှည်ကမ်းပြိုကာကွယ်နိုင်ရေး ပဲခူးမြစ်အတွက် လိုအပ်သော နေရာများတွင် ကမ်းထိန်းသစ်ပင်များ စိုက်ပျိုးခြင်း၊ မြစ်ကြမ်းပြင်မြင့်တက်မှုကြောင့် ရေကြီးရေလျှံခြင်းဖြစ်၍ မြစ်ရေစီဆင်းမှုကောင်းမွန်စေရေး သောင်တူးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိ သည်။