Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးသို့ စက်တင်ဘာလတစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၉.၄)သန်း နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်(၂၂၀.၅)သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူးတိုင်းဒေသကြီးသို့ စက်တင်ဘာလတစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၉.၄)သန်း နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်(၂၂၀.၅)သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး စက်တင်ဘာ ၁၄

==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မိမိတို့ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းနှင့် ပို့ကုန် တိုးမြှင့်နိုင်ရေး MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို  ဦးစားပေးဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် မြေဩဇာထုတ်လုပ်သည့်လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများပြားစွာရရှိမည့် CMP လုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်ပြီး ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခိုင်မာစွာရပ်တည်နိုင်ရေးနှင့် လုပ်ငန်းတိုးချဲ့နိုင်ရေး ဥပဒေနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံခြားငွေဖြင့် ဝယ်ယူနေရသည့် စက်မှု/ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြည်တွင်း၌ထုတ်လုပ်ဖြန့်ဖြူးပေးမည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကြိုဆိုလျက်ရှိကြောင်းနှင့် တက်ရောက် လာသည့် ကော်မတီဝင်များအားလုံး တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စိတ်ပါဝင်စားစွာ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ဝိုင်းဝန်းကြိုးစား အကြံပြုတင်ပြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လုပ်ကိုင်ခြင်း၊ ကုန်ပစ္စည်းအမယ်သစ်များ တိုးတက်ထုတ်လုပ်ခြင်း၊ လုပ်သားအင်အား တိုးချဲ့ခန့်ထားခြင်း များဆိုင်ရာ လုပ်ငန်းအမှုတွဲများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုပေါ် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးသို့ စက်တင်ဘာလ(၁)လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၂)ခုမှ အမေရိကန် ဒေါ်လာ(၉.၄)သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု(၁)ခုမှ ကျပ်(၂၂၀.၅)သန်းနှင့် အလုပ်အကိုင်အခွင့် အလမ်း(၈၈၅)ဦး တိုးတက်ရရှိခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၈၈.၄၉၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၇၅၄၅၆.၂၇၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၉၄၅၁)ဦး ဖော်ဆောင်ပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။