Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၆

===========

       ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဩဂုတ်လ(၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

      ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအမှူးပြုသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျီးတောင် တောရစာသင်တိုက် ပဓါနနာယကဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

      ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်သံဃ နာယကအဖွဲ့ဝင် ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာ ဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာဘိဝံသ ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ကြသည်။

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၀၈) ကျောင်းအတွက် ကျောင်းတိုက်(၁)ခုလျှင် ဆန်(၁)အိတ်၊ ဆီ(၅)ပိဿာနှင့် ဝတ္တုငွေကျပ်(၅)သောင်းကို လည်းကောင်း၊ သီလရှင်ကျောင်း(၁၁၉)ကျောင်းအတွက် ကျောင်းတိုက်(၁)ခုလျှင် ဆန်(၁)အိတ်နှင့် ဆီ(၅)ပိဿာအားလည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ က သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့်တွေ့ဆုံ၍ ပဲခူးတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများအတွက် ဆောင်ရွက် နေမှုအခြေအနေ၊ အောက်စီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ထပ်မံအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသွားမည့် အခြေအနေများ အား ဆွေးနွေးပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့သည် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်ထားသည့် Oxygen Plant မှ အောက်စီဂျင်ထုတ်လုပ်နေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။