Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၁၀

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင် လမ်းမှ ပဲခူးမြို့တွင်းသို့ ချိတ်ဆက်မည့် မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးမှ တံတားတည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ လုပ်ငန်းခွင်အမြန်ဆုံးပြီးစီးနိုင်ရေး၊ Living Area အား လှပသေသပ်စွာ ဆောင်ရွက်သွားရန်နှင့် ရှေးဟောင်းကျုံး မပျက်စီးစေရေး အလေးထားဂရုပြု ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ မြို့မဈေးရှေ့ ရန်ကုန် – မန္တလေး လမ်းဘေးဝဲ/ယာ ပလက်ဖောင်းနှင့် အုတ်ရေမြောင်း ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ လုပ်ငန်းခွင်ဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့၏ အဓိကလူစည်ကားရာ နေရာဖြစ်၍ အချိန်မီပြီးစီးရေး၊ လမ်းဘေးဝဲ/ယာ အလှပန်းပင်များ စိုက်ပျိုးသွားရန်နှင့် လုပ်ငန်းခွင်ကြောင့် ဈေးရောင်းချသူနှင့် ဝယ်ယူသူများ အခက်အခဲမရှိစေရေး စနစ်တကျကြီးကြပ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအား မြန်မာမှုအနုပညာလက်ရာများဖြင့် ပြန်လည်အဆင့်မြှင့်တင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဗိမာန်တော် အောက်ထပ်ခန်းမ၌ ပဲခူးမြို့အတွင်း ဈေးရောင်းချနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်း ပြည့်ဟင်္သာကုန်းစေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကန်တော့ကာ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် စေတီတော်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဓါတ်လှေကားတပ်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး စေတီတော် ဘက်စုံပြုပြင်မွန်းမံ နိုင်ရန်အတွက် အလှူငွေကျပ်(၅)သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ဟင်္သာကုန်းစေတီတော်မြတ်ကြီး တောင်ဘက်မုခ်၌ ဓါတ်လှေကား တပ်ဆင်မည့်နေရာအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။