Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်

တောင်ငူ စက်တင်ဘာ ၁၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ် သင်တန်းဖွင့်ပွဲအား တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း အသားနှင့်နို့ ထုတ်လုပ်မှု ဖူလုံစေရေး၊ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပမှ နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့ချနိုင်စေရေးအတွက် မေထုန်မဲ့သားစပ်ခြင်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ကျေးလက်ဒေသပါမကျန် မေထုန်မဲ့သားစပ် ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကိုယ်တိုင် မွေးမြူသူလုပ်ငန်းရှင်များအား လက်တွေ့မေထုန်မဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာ အသိပညာ များ သင်ကြားပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ လေ့လာမှတ်သား သင်ကြားစေလိုကြောင်းနှင့် သင်တန်းဆရာများအနေဖြင့် သင်ကြားမည့်ဘာသာရပ်အလိုက် သင်တန်းသားများ နားလည်သဘော ပေါက်အောင် စနစ်တကျ သင်ကြားပေးသွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ဒေသတွင်း နို့စားနွားမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ် က မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ အသိပညာများနှင့် ဒေသတွင်းမေထုန်မဲ့သားစပ်ခြင်းလုပ်ငန်း ဆောင်ရွက် သင့်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

          ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းနည်းပြဆရာများ၊ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ်များမှ နို့စားနွား နှင့် ဒေသနွား မွေးမြူသူလုပ်ငန်းရှင် သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူး ခဲ့ကြသည်။ ၎င်းနောက် သင်တန်းတွင် လက်တွေ့သင်ကြားပြသမည့် အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မေထုန်မဲ့ သားစပ်သင်တန်းအား ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် ပဲခူးခရိုင်တို့တွင်လည်း ကိုယ်တိုင်မွေးမြူသူ လုပ်ငန်းရှင် သင်တန်းသား(၁၀၀)ဦးစီဖြင့် သင်တန်းကာလ(၅)ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းသားတစ်ဦးလျှင် မေထုန်မဲ့သားစပ်ကောင်ရေ အနည်းဆုံး(၁၀)ကောင် လက်တွေ့သားစပ်ခြင်း ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည့်အပြင် မေထုန်မဲ့သားစပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။