Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်

ပဲခူး အောက်တိုဘာလ ၁၈
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အောက်တိုဘာလ(၁၇)ရက်နေ့ ညပိုင်း၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင် ၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့သည်။
          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဂုဏ်တော်များကို ရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် စေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)အား စတင်မီးထွန်း ညှိပူဇော်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတို့က ဆုတောင်းပြည့်ရွှေမော်တော်ရင်ပြင်ပေါ်၌ ဆီမီးများ အသီးသီး ထွန်းညှိခြင်း၊ ရောင်စုံမီးပုံပျံများ လွှတ်တင်ပူဇော်ခဲ့ကြပြီး တေးညွှန့်မင်္ဂလာ တေးဂီတအဖွဲ့က ညိမ့်ညောင်းသာယာသော ဓမ္မေတေးများဖြင့် သီဆိုပူဇော်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ ညချမ်းအချိန်တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရွှေသောလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီ တော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတို့တွင် သီတင်းကျွတ်ကာလအချိန်အတွင်း ညစဉ် ဆီမီးပူဇော်ခြင်း နှင့်အတူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကား သိုက်မြိုက်လျက်ရှိကြောင်း သတင်းရရှိသည်။