ပဲခူး အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၈) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးနှင့် အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် အားကစားနည်းအလိုက် တာဝန်ခွဲဝေပေးထားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက အလှည့်ကျသွားရောက် ကြီးကြပ်ခြင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေး ခြင်း၊ အားပေးစကားပြောခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုအပ်သလို အားကစားသမားတိုင်း မိမိတို့ ယှဉ်ပြိုင်မည့် အားကစားနည်း အလိုက်အမြင့်ဆုံးရည်မှန်းချက်၊ ယုံကြည်မှုအပြည့်ဖြင့် ပဲခူးတိုင်းဒေသကြီး အား အကောင်းဆုံးအဆင့် တစ်ခုထိရောက်ရှိအောင် ကြိုးစားယှဉ်ပြိုင်သွားရန်နှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ အောင်မြင်မှုများရရှိနိုင်ရေး အားလုံး ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အားကစားနည်းအလိုက် ယှဉ်ပြိုင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တာဝန်ယူထားသည့် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိနေသည့် အခြေအနေများအားလည်းကောင်း၊ စခန်းသွင်းလေ့ကျင့်နေမှုပေါ် အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက လေ့ကျင့်ရေးစခန်းများအလိုက် အားကစားသမား များ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်သို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် သွားနိုင်ရေး နည်းပြများနှင့် အကောင်းဆုံးလေ့ကျင့်သင်ကြားနေမှုနှင့် ယှဉ်ပြိုင်ရမည့် ပုံစံနှင့် နည်းစနစ်ပိုင်း ဆိုင်ရာများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စခန်းသွင်းလေ့ကျင့်နေ သည့် အားကစားနည်းအလိုက် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ သည်။
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပဲခူးတိုင်းဒေသကြီးမှ အားကစားနည်း(၂၄)မျိုးတွင် အားကစားသမား(၅၇၆)ဦး အား နည်းပြအုပ်ချုပ်သူ(၁၂၀)ဦးဖြင့် အကောင်းဆုံးစခန်းသွင်း လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သတင်း ရရှိသည်။