Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီး၌ ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီး၌ ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၃

==========================================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီးတောင်ဘက်မုခ်တွင် အောက်တိုဘာလ(၁၂)ရက်နေ့၊ မင်္ဂလာအခါ တော်အချိန် နံနက်(၉:၃၆)နာရီအချိန်က ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်း အနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက နေ့နံအလိုက် သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကြပြီးနောက် မင်္ဂလာအခါတော်အချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများက ပန္နက်တော်တင်ခြင်း၊ အမွှေးနံသာရေများ ပက်ဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ကြရာ ဩဝါဒါစရိယ ဆရာတော်/သံဃာတော်များက ဇယန္တော ဗောဓိယာမူလေ အစရှိသည့် အောင်ဂါထာ (၃)ပိုဒ်ကို ရွတ်ဆိုခဲ့ကြသည်။

ဆက်လက်၍ ဟင်္သာကုန်းစေတီတော် ဓမ္မာဗိမာန်တော်ကြီး၌ အခမ်းအနား ဒုတိယပိုင်းကျင်းပ ပြုလုပ်ရာ ဆရာတော်/ သံဃာတော်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်အစိုးရ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယ ဟင်္သာကုန်းစေတီတော် ဩဝါဒါစရိယ ဇေယျာသီရိ မမောက်ကျောင်းဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာဃိန္ဒာဘိဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဩဝါဒါစရိယ ကိုးသိန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တ တိလောကာဘိဝံသထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနာစိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။

          ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ဟင်္သာကုန်း စေတီတော်မြတ်ကြီးတွင်(၁၂)‌ယောက်စီး ဓါတ်လှေကားတပ်ဆင်ခြင်းအတွက် ကုန်ကျစရိတ်ကျပ်သိန်း(၂၇၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။