ပဲခူး မတ် ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၁၄)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီရက်ပိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပတော့မည်ဖြစ်ရာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြရမှာဖြစ်ကြောင်း၊ စာမေးပွဲကျင်းပစဉ် ကာလအတွင်း ကျောင်းသား/သူများ သက်ဆိုင်ရာစာစစ်ဌာနများသို့ အချိန်မီရောက်ရှိစေရေး သယ်ယူ ပို့ဆောင်ရေးအတွက် အရံမော်တော်ယာဉ်များထားရှိသွားရန်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မေးခွန်း လုံခြုံရေး၊ စာစစ်ဌာနများသို့ မေးခွန်းများ အချိန်မီရောက်ရှိစေရေးနှင့် အဖြေလွှာများ ပြန်လည်ပို့ဆောင် ရာတွင် အခက်အခဲမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နေရပ်ရှောင်ပြည်သူများ၏ သားသမီးကျောင်းသား/သူများအတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ စာစစ်ဌာနများအလိုက် စာရေးကိရိယာ အရံထားရှိပေးရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံစွာထားရှိပေးသွားရမှာ ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်က တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းလုံခြုံပြီး အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးသွားမည့်အခြေအနေများအားရှင်းလင်းပြောကြားခဲ့သည်။၎င်းနောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများအားလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်၊ ခရိုင်(၆)ခု၌ စာစစ်ဌာနစုစုပေါင်း(၈၂)ခုရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ (၂၃၁၅၇)ဦးရှိကြောင်း သတင်းရရှိသည်။