ပဲခူး မတ် ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကြူတောကန် ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါးစံပြအကွက်ကျယ်(၂၀၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှုနှင့် စုပေါင်းမြေဩဇာကြဲပတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဓါတ်မြေဩဇာသုံးစွဲမှုအား အထိုက်အလျောက် လျော့ချ၍ သဘာဝမြေဩဇာပိုမိုသုံးစွဲရန်၊ ကျွဲ/နွား တိုးချဲ့မွေးမြူ၍ သဘာဝမြေဩဇာ အသုံးပြုရန်၊ တောင်သူကိုယ်တိုင် မြေဆီလွှာထိန်းသိမ်းခြင်းအား ဆောင်ရွက်တတ်စေရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ ရွှေလင်းခန်းမ ဘက်စုံအဆင့်မြှင့်တင် နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး စိစစ်သုံးစွဲရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အထူးအလေးထားဆောင်ရွက်ရန် တာဝန် ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၂၂၃)သန်းကျော်ဖြင့် စက်မှုလယ်ယာစနစ်တကျလယ်ယာ မြေ (၁၂၀)ဧက ဖော်ထုတ်ပြီးစီးမှုနှင့် နွေစပါးစိုက်ပျိုးထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး စက်မှုလယ်ယာစနစ်ကို မဖြစ်မနေ ပြောင်းလဲပေးရခြင်းဖြစ်ကာ အစိုးရအဖွဲ့မှ လယ်ယာမြေပြုပြင်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးခြင်းနှင့်အတူ စိုက်နည်းစနစ်များ ပြောင်းလဲနိုင်ရေး လက်ဆွဲကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာ(Drum Seeder)များလည်း ဖြန့်ဝေထားပြီးဖြစ်၍ တောင်သူ များအနေဖြင့် မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် ကုန်ထုတ်လမ်းတစ်လျှောက် သီးပင်စားပင်များ စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဇီးကုန်းမြို့နယ်၊ ညောင်ဇင်ကျေးရွာ၌ တောင်သူ ဦးမိုးအောင်၏ နွေနှမ်း ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ဆီဖူလုံမှု တိုးတက်စေရေး ဆီထွက်သီးနှံများကို မဖြစ်မနေ စိုက်ပျိုးသွားရမည်ဖြစ်ကာ စိုက်ပျိုးသီးနှံအလိုက် စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပြုစုထိန်းသိမ်းခြင်းနှင့် ရိတ်သိမ်းချိန်အလေအလွင့်နည်းပါးစေရေး လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများကို ဒေသအလိုက် တောင်သူအစုအဖွဲ့များအား ခေါ်ယူအသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့၊ ဦးမြင့်ထွေး၏ လယ်ယာသုံးစက်ပစ္စည်းအလုပ်ရုံသို့ သွားရောက်၍ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးသည် စပါးပြီးပါက ပဲတီစိမ်းနှင့် မတ်ပဲအများဆုံးစိုက်ပျိုး သည့် ဒေသဖြစ်၍ ပဲရိတ်စက်များ၊ ချွေ့လှေ့စက်များ တီထွင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။