Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၈
===============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ မြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတစ်ခု၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာ မြှင့်မားစေခြင်းကြောင့် အလေးထားဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှ အလားအလာ ရှိသည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာပြီး တိုင်းဒေသကြီး ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ယခုလိုပြိုင်ပွဲမှ အတွေ့အကြုံကောင်းများ ရယူပြီး ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်နှင့် အနိုင်အရှုံးသည်သာမည၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဆိုသည့် အားကစား စိတ်ဓာတ် အမြဲထားရှိဖို့ လိုအပ်ကြောင်း၊ ပြိုင်ပွဲကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများ အနေဖြင့်လည်း နည်းစနစ်တကျ ပြိုင်ပွဲ ဥပဒေများအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန် လိုကြောင်း အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပွဲကြည့်ပရိသတ်များမှ အုပ်စုပတ်လည်အဖြစ် တောင်ငူခရိုင်(ခ)အသင်းနှင့် ပဲခူးခရိုင်(က) အသင်းတို့ (၂)ယောက်တွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအား ပေးကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ(၈)ရက်နေ့မှ(၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်မှ ပြိုင်ပွဲဝင်အသင်း (၈)သင်း၊ ပြိုင်ပွဲဝင်အားကစား သမား(၄၀)ဦးပါဝင်ကာ အုပ်စုပတ်လည်ဖြင့် (၂)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းသိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၆ခုနှစ်တွင် အမျိုးသားအသင်း လိုက်ပြိုင်ပွဲ ရွှေတံဆိပ်၊ ၂၀၁၈ခုနှစ်တွင် အမျိုးသားနှစ်ယောက် တွဲအသင်းလိုက်ပြိုင်ပွဲ ရွှေတံဆိပ်၊ အမျိုးသားလေးယောက်ပြိုင်ပွဲ ရွှေတံဆိပ်များအပြင် စုပေါင်း တံခွန်စိုက်ဖလားပါရရှိသည်အထိ အောင်မြင်မှုများရရှိခဲ့ကြောင်း သတင်းရရှိသည်။