ပဲခူး ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကျိုက်ပွန်ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စုပေါင်းစိုက်ပျိုးသည့် သစ်ပင်တို့သည် မျက်မှောက်ကာလမှာ အပင်ငယ်များသာဖြစ်နေသော်လည်း အနာဂတ်တွင် သဘာဝတောအုပ်တစ်ခုအဖြစ် မြင်တွေ့လာရမှာဖြစ်ကြောင်း၊ သစ်ပင်များသည် လူသားတို့အတွက် အောက်စီဂျင်အရင်းအမြစ်ဖြစ်သလို မြေဆီလွှာထိန်းသိန်းခြင်းနှင့် ရေကြီးရေလျှံမှုများကို ကာကွယ်လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ မိုးရာသီ ဆိုတာ သစ်ပင်များစိုက်ပျိုးရန် သဘာဝကပေးထားသည့် အကောင်းအချိန်ဖြစ်ပြီး သစ်ပင်များ ရှင်သန် ကြီးထွားစေနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ကျိုက်ပွန်ဘုရားအဝင်လမ်း လမ်းဘေးဝဲယာတွင် စိုက်ပျိုးပေးခဲ့သည့် ခရေပင်များ စိမ်းလန်းဝေဆာလျက်ရှိ နေတာကို အားလုံးတွေ့မြင်ရမှာဖြစ်ကြောင်း၊ ကမ္ဘာမှာ ဗမာ့ကျွန်း၊ မြန်မာမှာ ပဲခူးရိုးမကျွန်းသည် အကောင်းဆုံးဆိုသည့် သမိုင်းအစဉ်အလာကောင်းများစွာရှိသည့် အဖိုတန်သစ်တောသစ်ပင်များ ပေါက်ရောက်ရာနေရာ၊ မြန်မာနိုင်ငံ၏ ဆန်စပါးကောက်ပဲသီးနှံများ ထွက်ရှိမှု၏ အရေးပါသောဒေသတစ်ခု ဖြစ်သည့်အတွက် ဒေသတွင်းစိမ်းလမ်းစိုပြေရေးနှင့် စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍတို့သည် အပြန်အလှန် အမှီ သဟဲပြုနေသည့် သစ်တောသစ်ပင်များကို တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် အားလုံးဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပျိုးပင်များ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများက သတ်မှတ်နေရာ အသီးသီး၌ ကံ့ကော်၊ ခရေ၊ ငုဝါရွှေ၊ ပန်းပိတောက်၊ ပျဉ်းမ၊ မယ်ဇယ်၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ စွယ်တော်နှင့် အာဆီယံသပြေပင် စုစုပေါင်းသစ်ပင်(၁၅၀၀) စိုက်ပျိုးပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပဲခူးတက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ ၂၀၂၅ခုနှစ်၊ မေလမှစ၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဇွန်လနှင့်ဇူလိုင်လအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ သစ်ပင်ပေါင်း (၁၄)သိန်းကျော် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သတင်းရှိရသည်။