ပန်းတောင်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သရက်လိန် ကျေးရွာအုပ်စုရှိ တောင်သူ ဦးရဲဇော်၏ ပေါင်ကြီးတင်စနစ်ဖြင့် မိုးနှမ်း(၁၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံနှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ တို်ငးဒေသကြီး အတွင်း ပန်းတိုင်အထွက်နှုန်း ထပ်မံရရှိနိုင်သည့် မိုးနှမ်းစိုက်ဧက အားလုံးပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုး ခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိသည့် နှမ်းမျိုးကောင်းမျိုးသန့်များနှင့် ပေါင်ကြီးတင်စနစ် ပြောင်းလဲစိုက်ပျိုး ခြင်း၏ အကျိုးကျေးဇူးကို ယခုအခါသိမြင်နေရပြီဖြစ်၍ တောင်သူများအနေဖြင့် ဆီထွက်သီးနှံနေကြာအား မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ပေါင်ကြီးတင်စိုက်ပျိုးနည်းစနစ်သို့ မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးသွားရန်နှင့် နှမ်းစိုက်တောင်သူများထံသို့ အထွက်နှုန်းကောင်း နှမ်းမျိုးကောင်းမျိုးသန့်များ လွှမ်းခြုံရရှိနိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်အတွင်းရှိ နှစ်စဉ်ရေကြီးနစ်မြှုပ်သော မိုးစပါးစိုက်ဧက(၁၇၇၈)ဧကအား ကာကွယ်ပေးနိုင်ရေး သရက်လိန်ကျေးရွာ အုပ်စုအတွင်းရှိ သူရဲဇီးချောင်းတံတား ရေတံခါးတပ်ဆင်ခြင်း၊ ကြခတ်ရပ်ကွက်အတွင်းရှိ ကြခတ်အနောက် ချောင်းတံတား ရေတံခါးတပ်ဆင်ခြင်းနှင့် စည်သာရပ်ကွက်အတွင်းရှိ ဒီဒုတ်ချောင်းတံတား ရေတံခါး တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှပ်နိုင်သည့် မိုးစပါးစိုက်ဧကများအတွက် ကြိုတင်ပျိုးထောင်ခြင်းစနစ်ဖြင့် ကာကွယ်သွားရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်စဉ်ဘတ်ဂျက်လျာထားတင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောင်းမြို့နယ်၊ မကြီးထုံးကျေးရွာအုပ်စုရှိ မိုးစပါးစိုက်ဧကများ စုပေါင်းဓါတ်မြေဩဇာကြဲပတ်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ကျစေရေး သဘာဝမြေဩဇာ များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသွားရန်၊ သီးထပ်စွမ်းအား တိုးတက်စေရေး ဆောင်ရွက်ရန်၊ မိုးစပါးအား သက်တမ်းတိုပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားရန်နှင့် မြေဆီဩဇာကောင်းမွန်စေရေး မိုးစပါးပြီးပါက ပဲသီးနှံတစ်မျိုးမျိုးစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥရှစ်ပင်မြို့ရှိ MSME လုပ်ငန်းရှင် ဒေါ်ထက်ထက်အိ၏ “ဓန မြေပဲဆီ(ဆုံဆီ)” လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းဖြစ်ခြင်း၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းဖြစ်ခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် ဖန်တီးပေးနိုင်ခြင်းတို့ ကြောင့် လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေးနှင့် ပြည်ပနိုင်ငံများသို့ ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။