သာယာဝတီ နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ဗေဒင်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်ကြေညာမှုအား အများပြည်သူစိတ်ဝင်တစား လာရောက်ကြည့်ရှုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မဲစာရင်းလာရောက်ကြည့်ရှုကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်တလင်းခရိုင်၊ ဇီးကုန်း စျေးအတွင်း ယခင်ပျံကျသားငါးစျေးရုံးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၁၅.၂)သန်း ဖြင့် အရှည်(၉၆)ပေ၊ အကျယ်(၄၀)ပေ၊ အမြင့် (၁၂)ပေရှိ ဆိုင်ခန်း(၉၀)ခန်းပါ စျေးရုံအသစ် တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးရုံများအလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ မြို့လယ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၌ တန်ဖိုးမြှင့်စပါးမျိုး ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်း ပေါ်ဆန်း(၂) စမ်းသပ်စိုက်ပျိုးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်ဧကလျှင် ပေါ်ဆန်း စပါးမျိုးသန့်စင်ပြီး (၈၄)တင်းခန့်ထွက်ရှိကြောင်း သိရှိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၂)သီးစိုက် လယ်မြေများတွင် တန်ဖိုးမြှင့်ပေါ်ဆန်း စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website