Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(ပထမ)ည ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(ပထမ)ည ကျင်းပ

ပဲခူး ဧပြီ ၁၇

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(ပထမ)ညကို ဧပြီလ(၁၇)ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ကဆုန်လဆန်း(၂)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီးရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပ ပြုလုပ်သည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တရားနာပရိတ်သတ်များက ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

           ထို့နောက် ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)က “သိင်္ဂါလောဝါဒ သုတ္တန်” တရားခေါင်းစဉ်ဖြင့် ဟော‌ကြားတော်မူပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဓမ္မပူဇာ အလှူငွေကျပ်သိန်း(၆၀)နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု့အစုစု အတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေးခဲ့ကြကြောင်းသိရသည်။

         အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲကို ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ(၁၈)ရက်နေ့ည တွင် ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ (အဂ္ဂမဟာ ပဏ္ဍိတ) (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်)ကလည်းကောင်း၊ ဧပြီလ(၁၉)ရက်နေ့ညတွင် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က နိဗ္ဗာန် ရောက်ကြောင်းတရားတော်များကို ဟောကြားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။