Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၁၉

      ၂၀၂၆ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ်လ(၁၉)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်း‌ဒေသကြီးအားကစားဥယျာဉ်၌ ကျင်းပပြုလုပ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။

         ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေကျပ် (၁၀)သိန်း ပေးအပ်ပြီး ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက် က ဒုတိယဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၇)သိန်းကို လည်းကောင်း ချီးမြှင့်‌ပေးအပ်သည်။

               ယင်းနောက် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် လွတ်တော်ဒုတိယဥက္ကဋ္ဌ တို့က တတိယဆုရရှိသောညောင်လေးပင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၅)သိန်း ကိုလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံး အလယ်တန်းဆု၊ အကောင်းဆုံး ရှေ့တန်းဆုနှင့် အကောင်းဆုံးအားကစားသမားဆု ရရှိသူ များအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးညီလန်းချိုနှင့် တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၏ဇနီးတို့က ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၁)သိန်းစီကို ပေးအပ်ချီးမြှင့်ကြသည်။

       အဆိုပါ ၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်း စသည့်ခရိုင်(၆)ခရိုင်ကိုယ်စားပြု အသင်း(၆)သင်းပါဝင်ကာ အုပ်စု(၂)အုပ်စုခွဲ၍ ဩဂုတ်လ (၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။