Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇

==========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆု ချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆)ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်း အခါသမယ အဖြစ် နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားခဲ့ပြီးနောက် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတတ်နေ့အထိ ကပြယှဉ်ပြိုင် ခဲ့ကြသည့် ယိမ်းအဖွဲ့(၂၅)ဖွဲ့၏ ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပ ခဲ့သည်။

          ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၂၅)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၅)ဖွဲ့အား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးတို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုငွေ(၅)သိန်းကျပ်စီဖြင့်လည်းကောင်း၊ ပထမဆုရရှိ သည့် ဘုရားကြီးမြို့ကိုယ်စားပြု နွေဦးရွှေရည် ယိမ်းအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)နှင့် ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့်  ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်ကိုယ်စားပြု ပိတောက်ရွှေဝါ ယိမ်းအဖွဲ့အား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)နှင့် ဆုဖလားကိုလည်းကောင်း၊ တတိယဆုရရှိ သည့် ဟံသာဝတီရပ်ကွက် ကိုယ်စားပြု နွေပန်းတောက်ယိမ်းအဖွဲ့အား ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းနှင့် ဆုဖလား အားလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗဟိုမဏ္ဍပ်သို့ လာရောက်ဖျော်ဖြေပေးခဲ့ကြသည့် မြန်မာ့နိုင်ငံဆိုင်းပညာရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိန်မြအောင် (ပဲခူး)၊ သရုပ်ဆောင်/တေးသံရှင်များနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့အား အမှတ်တရ ပန်းခြင်းလက်ဆောင် ပေးအပ်ခဲ့သည်။

          ယင်းနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များ၊ သင်္ကြန်ပွဲ လာရောက် စဉ်နွှဲကြသူ အများပြည်သူတို့အား ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သည့် ယိမ်းအဖွဲ့များမှ ပြိင်ပွဲဝင်ယိမ်းအကများဖြင့် ကပြဖျော်ဖြေ ခဲ့ကြပြီးနောက် နိုင်ငံကျော် သရုပ်ဆောင်နှင့် တေးသံရှင်များက ခေတ်ပေါ်တေးဂီတများဖြင့် အေးချမ်းတည်ငြိမ် ပျော်ရွှင်စွာ တင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။